မုံရွာသို့ စစ်သင်္ဘောအုပ်စု ရောက်ရှိ၊ ဝက်လက်နှင့် မတ္တရာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင် ၅
The Kaladan Post
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်သင်္ဘောနှင့် ဖလပ်မော်တော် စုစုပေါင်း ၄၂ စီး ရောက်ရှိလာကြောင်း ဒေသခံများက ပြောဆို ထားပါတယ်။
စစ်သင်္ဘောအုပ်စု ရောက်ရှိလာမှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ပြည်သူအချို့မှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
ဝက်လက်မြို့နယ် သစ်ဆိပ်ကျေးရွာတွင် စစ်တပ်က နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာအနီးရှိ ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းတိမ်းရှောင်နေရကြောင်း သိရပါတယ်။
#မုံရွာ#စစ်သင်္ဘော#ဝက်လက်#မတ္တရာ#စစ်ဘေးရှောင်

AA က စစ်တပ် ကာကင်းစခန်း ၂ ခု ထပ်မံသိမ်းပိုက်၊ ပွိုင့် ၂၂၇ ကုန်းကို ဆက်လက်ထိုးစစ်ဆင်
ဇူလိုင် ၅
The Kaladan Post
ဧရာဝတီတိုင်း ရေကြည်မြို့နယ်နှင့် ရက္ခိုင်ဒေသအစပ်ရှိ စစ်တပ်၏ အရေးပါသော ကာကင်းစခန်းကုန်း ၂ ခုကို အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်ဆင်ကာ ဆက်တိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ပွိုင့် ၂၂၇ ကုန်းအနီးရှိ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ များအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများစွာရှိကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
အထိနာခဲ့သည့် တပ်မ ၆၆ လက်အောက်ခံ ခမရ (၁၀၈) တပ်ဖွဲ့ဝင်များသည် ပွိုင့် ၂၂၇ ကုန်းဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး AA က ဆက်လက်လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ပုသိမ်နှင့် လေးမျက်နှာဒေသများမှ စစ်အင်အားများ ထပ်မံဖြည့်တင်းနေ သလို ပုသိမ်-မုံရွာလမ်းပိုင်း စိုးမိုးနိုင်ရေးအတွက် တပ်ဖြန့်လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။
ရက္ခိုင်-ဧရာဝတီအစပ်ဒေသတွင် စစ်ကောင်စီ၏ ကုန်းလမ်း၊ ရေလမ်း ထိုးစစ်များနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေပြီး AA ကလည်း တန်ပြန်ထိုးစစ်များဖြင့် စခန်းကုန်းများ ဆက်တိုက်သိမ်းပိုက်လျက်ရှိပါတယ်။
#AA#ရေကြည်တိုက်ပွဲ#ရက္ခိုင်ဧရာဝတီအစပ်#တန်ပြန်ထိုးစစ်#စစ်ရေးသတင်း

ရေတာရှည်တိုက်ပွဲများတွင် စစ်ကောင်စီတပ် အကျအဆုံးများပြီး လက်နက်များ သိမ်းဆည်းရမိ
ဇူလိုင် ၅
The Kaladan Post
ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်စစ်ကြောင်း များကို အကြိမ်ကြိမ် ခုခံတိုက်ခိုက်ကာ တန်ပြန်ထိုးစစ်များ ဆင်နွှဲခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန ထံမှ သိရပါတယ်။
ပိတောက်ကုန်းနှင့် ကျွန်းကုန်းကျေးရွာဝန်းကျင် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနှင့် တင့်ကားအင်အားများ အသုံးပြုခဲ့သော်လည်း မြေပြင်တွင် အထိအခိုက်အကျ အဆုံးများစွာ ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုထားပါတယ်။
ဇွန်လ ၂၄ ရက်နေ့ တန်ပြန်ထိုးစစ်အပြီးတွင် စစ်ကောင်စီတပ်များသည် ပိတောက်ကုန်းကျေးရွာမှ ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ရေးဖိအား ဆက်လက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဇွန်လတစ်လတာ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၄ ဦးအပါအဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး ရဲစခန်းမှူးအဆင့် တစ်ဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲများအတွင်း လက်နက်ငယ် ၁၈ လက်နှင့် ကျည်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း တပ်ခွဲမှူးတစ်ဦးနှင့် ရဲဘော်အချို့ ကျဆုံးခဲ့ကြောင်း သိရပါတယ်။
စစ်ဆင်ရေးကာလအတွင်း ဒေသခံပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် မေတ္တာရပ်ခံထားပါတယ်။
#ရေတာရှည်တိုက်ပွဲ#ပဲခူးတိုင်း#တန်ပြန်ထိုးစစ်#စစ်ဘေးရှောင်ပြည်သူများ#စစ်ရေးသတင်း

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ ဖယ်ရှားခံနေရမှုအပေါ် ဝေဖန်မှုများ မြင့်တက်နေ
ဇူလိုင် ၅
The Kaladan Post
ဧရာဝတီတိုင်း မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို စစ်တပ်က ညသန်းခေါင်ယံအချိန် ဘက်ဟိုးယန္တရားများ အသုံးပြုပြီး ဖြိုဖျက်ကာ သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ရုပ်တုဖျက်ဆီးရတဲ့ အကြောင်းရင်းကို တရားဝင် ထုတ်ဖော်ရှင်းလင်းခြင်း မရှိသေးဘဲ လူသူကင်းရှင်းချိန်မှာ ဆောင်ရွက်ခဲ့တာကြောင့် ဒေသအတွင်း စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကိုလည်း ဆက်တိုက် ဖယ်ရှားခံနေရပြီး အာဇာနည်နေ့ မတိုင်မီ ရက်ပိုင်းအတွင်းမှာတင် ရုပ်တုပေါင်း ကိုးခုထက်မနည်း ဖယ်ရှားခံထားရတယ်လို့ မြေပြင်သတင်းအချက်အလက်တွေက ဖော်ပြပါတယ်။
ရန်ကုန်တိုင်း တောင်ဥက္ကလာပနဲ့ သာကေတမြို့နယ်များအပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နဲ့ ပဲခူးတိုင်း တောင်ငူမြို့တို့မှာလည်း ဗိုလ်ချုပ်ရုပ်တုတွေကို ညအချိန်တွေမှာ ဖြိုဖျက်ဖယ်ရှားခဲ့တဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ကတော့ အများပြည်သူပိုင် အထိမ်းအမှတ်ပစ္စည်းတွေကို ဖျက်ဆီးဖယ်ရှားခြင်းဟာ ဥပဒေအရ အကျိုးဖျက်ဆီးမှု ကျူးလွန်ရာရောက်နိုင်တယ်လို့ ထောက်ပြထားပြီး ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်အဖြစ် သမိုင်းဝင်အရေးပါသူ ဖြစ်တာကြောင့် ယခုလို ရုပ်တုတွေ ဖယ်ရှားခံနေရတဲ့ ဖြစ်စဉ်ဟာ ပြည်သူလူထုအကြား စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်တွင် ဇွန်လ ၂၅-၂၆ ရက်နေ့များတွင် ပြုလုပ်ခဲ့တဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် များ အစည်းအဝေးအတွင်း မင်းအောင်လှိုင်က NLD အစိုးရလက်ထက် တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် နိုင်ငံရေးအထိမ်းအမှတ်များကို အပြီးသတ် ဖယ်ရှားဖြိုချရန် ညွှန်ကြားခဲ့ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုပါ နေ့စဉ် အစီရင်ခံတင်ပြရန် အမိန့်ပေးထားကြောင်း စစ်ဘက်သတင်းရင်းမြစ်များက အသိပေးထားတာဖြစ်ပါတယ်။
#ဗိုလ်ချုပ်အောင်ဆန်း#မအူပင်#သမိုင်းအမွေအနှစ်#အာဇာနည်နေ့#ဧရာဝတီတိုင်း

စစ်ကောင်စီ စစ်သားများ ခိုးယူထားသည့် ဘုရားဆင်းတုတော်များ PDF တပ်ဖွဲ့ သိမ်းဆည်းရရှိ
ဇူလိုင် ၅
The Kaladan Post
ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက် စဉ် စစ်သားများက ပြည်သူပိုင်နေအိမ်များမှ ခိုးယူထားသည့် ဘုရားဆင်းတုတော်များကို PDF ပူးပေါင်း တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ က အသပေးလာပါတယ်။
ဇွန်လ ၂၄ ရက်နေ့က ပိတောက်ကုန်းနှင့် ကျွန်းကုန်းကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ကို နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ခံ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး PDF တပ်ဖွဲ့များ၏ တန်ပြန် ထိုးစစ်ကြောင့် ပိတောက်ကုန်းကျေးရွာရှိ စစ်သားများ ဆုတ်ခွာသွားခဲ့ကြောင်း သိရပါတယ်။
စစ်သားများ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ပြည်သူများ၏ နေအိမ်များမှ ယူဆောင်ထားသည့် ဘုရားဆင်းတုတော်များကို ပြန်လည်တွေ့ရှိ သိမ်းဆည်းခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။
နေပြည်တော်တိုင်းစစ်ဌာန၏ ဇွန်လအတွင်း စစ်ဆင်ရေးများကြောင့် စစ်ကောင်စီတပ်ဘက်မှ အရာရှိ အပါအဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ငယ် ၁၈ လက်နှင့် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။
#ရေတာရှည်တိုက်ပွဲ#PDF#ဘုရားဆင်းတုတော်#ပဲခူးတိုင်း#စစ်ရေးသတင်း

မွန်ပြည်နယ်တွင် လောင်းကစားဝိုင်းများ ဆက်လက်လည်ပတ်နေပြီး အရေးယူမှု မရှိသေး
ဇူလိုင် ၅
The Kaladan Post
မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် လွှတ်တော်အဆို အတည်ပြုနိုင်ခဲ့သော်လည်း နယ်မြေလုံခြုံရေး မကောင်းသေး ဆိုသည့် အကြောင်းပြချက်ဖြင့် လက်ရှိအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရပါတယ်။
မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်များတွင် ဇာတ်ပွဲများ ရပ်နားထားသော် လည်း အာဝါးဒေးနှင့် လောင်းကစားဝိုင်းများ ဆက်လက်ကျင်းပနေပြီး လူအများ သတိမထားမိစေရန် ပုံစံပြောင်းလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည့် နေရာအများစုမှာ စစ်တပ်ထိန်းချုပ်နယ်မြေများအတွင်း တည်ရှိနေသဖြင့် လုံခြုံရေးအကြောင်းပြချက်မှာ အမှန်တကယ် ပိတ်သိမ်းရေးအတွက် အတားအဆီး မဟုတ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုင်ရာအာဏာပိုင်များအကြား အကျိုးစီးပွားဆက်နွယ်မှု များ ရှိနေသည်ဟု ဒေသခံအချို့က ယူဆနေကြပြီး လောင်းကစားဝိုင်းများကို လက်တွေ့ပိတ်သိမ်းနိုင် မည့် အလားအလာ မမြင်ရသေးကြောင်း သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားပါတယ်။
လက်ရှိတွင် ကျိုက်မရောမြို့နယ်ရှိ ကော့ဒုန်၊ ကော့ပနော့နှင့် ချောင်းနှစ်ခွဒေသများ၌ လောင်းကစားဝိုင်း များ နေ့စဉ် စည်ကားစွာ လည်ပတ်နေဆဲဖြစ်ပြီး လွှတ်တော်အဆို၏ အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်မှုများ ဆက်လက်ရှိနေကြောင်း သိရပါတယ်။
#မွန်ပြည်နယ်#လောင်းကစားဝိုင်း#ကျိုက်မရော#မော်လမြိုင်#ပြည်နယ်လွှတ်တော်
