စက်တင် ၁၀၊ ၂၀၂၆

The Kaladan Post

အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၎င်း၏ နယ်စပ်တစ်လျှောက် ခြံစည်းရိုး တည်ဆောက်ရေးကို လာမည့် ၂ နှစ်အတွင်း ၂၀၂၈ ခုနှစ် မတိုင်မီ အပြီးသတ် ဆောက်လုပ်သွားမည်ဟု ကြေညာလိုက်ပါတယ်။

သို့သော်လည်း ယင်းအစီအစဉ်သည် တောင်တန်းထူထပ်သည့် ပထဝီအနေအထားကြောင့် လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည့်အပြင် နယ်စပ်ဒေသရှိ မျိုးနွယ်စုဝင်များ၏ နေထိုင်သွားလာရေးကို ထိခိုက်စေနိုင်ကြောင်း အရာရှိဟောင်းများနှင့် ဒေသအရေး ကျွမ်းကျင်သူများက ထောက်ပြထားပါတယ်။ အိန္ဒိယနှင့် မြန်မာအကြား စုစုပေါင်း နယ်စပ်အရှည်မှာ ၁,၆၄၃ ကီလိုမီတာ ရှိပြီး မဏိပူရ်ပြည်နယ်က ၃၉၈ ကီလိုမီတာ ထိစပ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယ ဗဟိုအစိုးရက မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုကူးမှုများကို တားဆီးရန်အတွက် ခြံစည်းရိုးကာရံရေးသည် မဖြစ်မနေ လိုအပ်သည်ဟု ရှုမြင်ထားပါတယ်။ မကြာသေးမီကလည်း အာသံပြည်နယ်တွင် ရူပီး ၆၈ ကုဋေကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ရာ မြန်မာနယ်စပ်၏ လုံခြုံရေး အားနည်းချက်များနှင့် ဆက်စပ်ဖော်ပြခဲ့ကြပါတယ်။

အကဲခတ်များကမူ နယ်စပ်ဒေသသည် တောနက်ခြင်း၊ မြစ်ချောင်းများ ပေါများခြင်းတို့ကြောင့် ကုန်ကျစရိတ် မြင့်မားနိုင်ပြီး ခြံစည်းရိုးတစ်ခုတည်းဖြင့် ဖြတ်ကျော်မှုများကို အပြည့်အဝ ပိတ်ဆို့နိုင်မည် မဟုတ်ကြောင်း ဝေဖန်ကြပါတယ်။ အဆင့်မြင့် နည်းပညာသုံး စောင့်ကြည့်ရေး၊ သတင်းထောက်လှမ်းရေးနှင့် ဒေသခံများ၏ ပူးပေါင်းမှု မပါဝင်ပါက ခြံစည်းရိုးသည် အသွင်သဏ္ဌာန်ပြ လုံခြုံရေး စီမံကိန်းတစ်ခုသာ ဖြစ်ကျန်ခဲ့မည်ဟု ဆိုပါတယ်။

ထို့ပြင် နယ်စပ်မျဉ်းတစ်လျှောက်တွင် နာဂါ၊ ကူကီး-ဇို၊ ချင်းနှင့် မီဇို စသည့် လူမှုအသိုက်အဝန်းများ နေထိုင်ကြပြီး ၎င်းတို့အတွက် ဆွေမျိုးများထံ သွားရောက်ခြင်းနှင့် နယ်စပ်ကုန်သွယ်ခြင်းတို့မှာ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။ အဆိုပါ ခြံစည်းရိုးကြောင့် ဒေသခံ မိသားစုများ ကွဲကွာသွားနိုင်သလို မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် နာဂဒေသတို့မှ စစ်ဘေးရှောင်များ လုံခြုံစွာ ခိုလှုံခွင့်ရရှိရေးအပေါ်ပါ ထိခိုက်လာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

Source – Nikkei Asia