မတ် ၁၃

The Kaladan Post

 

အရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ဂယက်ရိုက်နေပါပြီ။ ဒီစစ်ပွဲရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ) က ဝန်ကြီးတွေ အရေးပေါ် တွေ့ဆုံဆွေးနွေးကြတော့မယ်လို့ သိရပါတယ်။

ဒီနှစ်ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးဝန်ကြီးတွေဟာ မတ်လ ၁၃ ရက်နေ့မှာ တွေ့ဆုံကြမှာပါ။ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ အွန်လိုင်းကနေတစ်ဆင့် အစည်းအဝေး လုပ်သွားမယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

အဓိက ဆွေးနွေးမယ့်အချက်ကတော့ အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့ကြား ဖြစ်နေတဲ့ စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံနဲ့ စွမ်းအင်ဈေးကွက်တွေ အကြီးအကျယ် ထိခိုက်လာမယ့်အရေးပါပဲ။ ဒီကနေတစ်ဆင့် လောင်စာဆီဈေးတွေ မြင့်တက်လာမယ့်ကိစ္စ၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး လုံခြုံမှုကိစ္စတွေကို အမြင်ဖလှယ် ညှိနှိုင်းကြမှာဖြစ်သလို၊ ဘယ်လို တုံ့ပြန်ကုစားကြမလဲ ဆိုတာကိုပါ ဝိုင်းဝန်းအဖြေရှာသွားကြမှာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင် ကုန်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး အလန်ဂက်ပ်တီက “လက်ရှိ အခြေအနေတွေအပေါ် အာဆီယံအနေနဲ့ စိုးရိမ်ဖို့ လိုအပ်နေပါပြီ။ ဒီအီရန် ပဋိပက္ခကြောင့် အာဆီယံနိုင်ငံတွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်သလို၊ ပြည်သူတွေရဲ့ အလုပ်အကိုင်တွေ ထိခိုက်ဆုံးရှုံးလာနိုင်တာကိုလည်း လုံးဝ မျက်ကွယ်ပြုထားလို့ မရပါဘူး” လို့ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

အခုဆိုရင် အီရန်က သူတို့နိုင်ငံတောင်ပိုင်းမှာရှိပြီး ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ မဟာဗျူဟာမြောက် ‘ဟောမုဇ် ရေလက်ကြား’ ကို ပိတ်ပစ်လိုက်ပါပြီ။ ဒီလို ပိတ်လိုက်တဲ့အတွက် နိုင်ငံတကာ လောင်စာဆီတင်ပို့မှုတွေမှာ အကြီးအကျယ် ရှုပ်ထွေးကုန်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာဆိုရင် ရေနံစိမ်းဈေးဟာ တစ်စည်ကို ကန်ဒေါ်လာ ၁၀၀ အထက်အထိကို ထိုးတက်သွားခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေဟာ ရေနံစိမ်း၊ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့တွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုပဲ အဓိက အားထားနေရတာပါ။ ဒါကြောင့် အခုလို စစ်ပွဲစတင်လာချိန်မှာပဲ တချို့ အာဆီယံနိုင်ငံတွေဟာ ဆီဈေးတွေ အလွန်အကျွံ တက်မသွားအောင်၊ လောင်စာဆီတွေ ကာလအတိုင်းအတာတစ်ခုအထိ လုံလောက်မှုရှိနေအောင်နဲ့ ဆီချွေတာရေး အစီအမံသစ်တွေကို အရေးပေါ် စတင်ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။

(ကိုးကား: Reuters)
(ဓာတ်ပုံ – Reuters, EPA, Xinhua)