ဇွန် ၂၀၊ ၂၀၂၆
The Kaladan Post
ကမ္ဘာပေါ်မှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု ကင်းစင်တဲ့ တစ်ခုတည်းသော တိုက်ကြီးအဖြစ် ရပ်တည်နေခဲ့တဲ့ ဩစတြေးလျနိုင်ငံရဲ့ ကုန်းတွင်းပိုင်းမှာ အခုအခါ ပထမဆုံးအကြိမ်အဖြစ် ရောဂါကူးစက်ခံထားရတဲ့ ပင်လယ်ငှက်တစ်ကောင်ကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် ဩစတြေးလျအစိုးရက အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ် က စနေနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။
ဒီရောဂါပိုးကို အနောက်ဩစတြေးလျပြည်နယ်ရဲ့ မြို့တော် ပါ့သ် (Perth) နဲ့ ၅၇၀ ကီလိုမီတာလောက် ဝေးတဲ့ အက်စ်ပရန်စ် (Esperance) မြို့အနီးမှာ နေမကောင်းဖြစ်နေတဲ့ ပင်လယ်ငှက်တစ်ကောင်ဆီကနေ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှောင်းပိုင်းက ဩစတြေးလျကုန်းတွင်းပိုင်းနဲ့ ၄,၁၀၀ ကီလိုမီတာ ကွာဝေးတဲ့ ဆပ်အန္တာတိကဒေသ ဟတ်ဒ် (Heard) ကျွန်းမှာ ပိုးတွေ့ရှိခဲ့ဖူးပေမယ့်၊ အခုကိစ္စကတော့ ဩစတြေးလျ ကုန်းတွင်းပိုင်းမှာ ပထမဆုံးအကြိမ် အတည်ပြုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး [ဩစတြေးလျအစိုးရ] က “အဆိုပါ နေမကောင်းဖြစ်နေတဲ့ ငှက်မှာ သေဆုံးနိုင်ခြေများတဲ့ H5N1 ကြက်ငှက်တုပ်ကွေးပိုး တွေ့ရှိရကြောင်း” တရားဝင် ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အယ်လ်ဘာနီးစ် က ဆစ်ဒနီမြို့မှာ သတင်းထောက်တွေကို “ဒါဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီရောဂါပိုး ထပ်မံမပြန့်ပွားအောင် ကန့်သတ်ဟန့်တားနိုင်ဖို့ လုပ်နိုင်တာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
H5N1 ကြက်ငှက်တုပ်ကွေးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာတစ်ဝှမ်းက ငှက်ကောင်ရေ သန်းရာနဲ့ချီကို သေဆုံးစေခဲ့ပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုတွေနဲ့ ကုန်ဈေးနှုန်းတွေကိုပါ ထိခိုက်စေခဲ့တဲ့ ပြင်းထန်ရောဂါပိုး ဖြစ်ပေမယ့် လူကိုကူးစက်နိုင်ခြေကတော့ အလွန်ရှားပါးပါတယ်။ လတ်တလောမှာ အဆိုပါဒေသနားက နောက်ထပ် ပင်လယ်ငှက်ကြီး (Giant petrel) တစ်ကောင်မှာပါ ပိုးထပ်တွေ့ထားပေမယ့် နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍကိုတော့ ကူးစက်တာမျိုး မရှိသေးဘူးလို့ စိုက်ပျိုးရေးဝန်ကြီး ဂျူလီ ကောလင်းစ် က ဆိုပါတယ်။
ဝန်ကြီး ဂျူလီ ကောလင်းစ် က မြို့တော် ကင်ဘာရာကနေ ရုပ်သံကတစ်ဆင့် “လောလောဆယ် အချိန်အထိတော့ ငှက်တွေ အစုလိုက်အပြုံလိုက် သေဆုံးနေတယ်ဆိုတဲ့ အထောက်အထားမျိုး မရှိသေးပါဘူး။ ပြီးတော့ ကျွန်မတို့ရဲ့ ကြက်၊ ဘဲ မွေးမြူရေးခြံတွေနဲ့ စိုက်ပျိုးရေးစနစ်တွေထဲကို ဒီရောဂါပိုး ဝင်ရောက်လာတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း လုံးဝ မတွေ့ရသေးပါဘူး” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဩစတြေးလျအစိုးရဟာ ကြက်ငှက်တုပ်ကွေး ကူးစက်မှုကို တိုက်ဖျက်ဖို့အတွက် မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားပါတယ်။ ဒါ့အပြင် ကမ်းခြေနေ ငှက်တွေကို ရောဂါပိုးရှိမရှိ စစ်ဆေးတာ၊ ကူးစက်ခံရလွယ်တဲ့ မျိုးစိတ်တွေကို ကာကွယ်ဆေးထိုးပေးတာနဲ့ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်တွေကိုပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သောကြာနေ့ကတည်းက အနောက်ဩစတြေးလျပြည်နယ် Cape Le Grand အမျိုးသားဥယျာဉ်မှာ တွေ့ရတဲ့ ရွှေ့ပြောင်းငှက် (Brown skua) တစ်ကောင်မှာ ရောဂါပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ ကုန်းတွင်းပိုင်းရဲ့ ပထမဆုံး ကူးစက်မှုအဖြစ် အတည်ပြု ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။