ဇွန် ၂၉၊ ၂၀၂၆
The Kaladan Post
အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအကောင့် ဖွင့်လှစ်အသုံးပြုခြင်းကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook နဲ့ Instagram အပါအဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ဒဏ်ကြေးငွေ ၂ ဆ တိုးမြှင့်ကောက်ခံသွားဖို့ သြစတြေးလျအစိုးရက စီစဉ်နေပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ပိတ်ပင်ထားတဲ့ သြစတြေးလျရဲ့ ဒီဥပဒေဟာ လက်တွေ့မှာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ အစိုးရက အခုလို ဒဏ်ကြေးတိုးမြှင့်ဖို့ ပြင်ဆင်လာတာပါ။
[သြစတြေးလျ ဆက်သွယ်ရေးဝန်ကြီးဌာန] ဝန်ကြီး အန်နီကာ ဝဲလ်စ် (Anika Wells) က “ကျွန်မတို့အားလုံးက ဒီစီမံကိန်းကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် အလုပ်ဖြစ်စေချင်တာ သေချာပါတယ်။ ဒါပေမဲ့ နည်းပညာကုမ္ပဏီကြီး (Big Tech) တွေကတော့ ကျွန်မတို့ကို လှောင်ပြောင်သရော်နေကြပါတယ်။” လို့ တနင်္လာနေ့က Australian Broadcasting Corp. (ABC) သတင်းဌာနကို ပြောကြားခဲ့ပြီး၊ အသက်ကန့်သတ်ချက်ဥပဒေကို အပြည့်အဝ မလိုက်နာတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။
အစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ ကလေးသူငယ်တွေ အကောင့်ဖွင့်တာကို တားဆီးဖို့ လုံလောက်တဲ့ အစီအမံတွေ မလုပ်ဆောင်တဲ့ ပလက်ဖောင်းတွေကို အမြင့်ဆုံး ဒဏ်ကြေးငွေ သြစတြေးလျဒေါ်လာ ၉၉ သန်း (အမေရိကန်ဒေါ်လာ ၆၈ သန်း) အထိ ၂ ဆ တိုးမြှင့်ကောက်ခံနိုင်မယ့် ဥပဒေကြမ်းကို ဒီသီတင်းပတ်အတွင်း လွှတ်တော်ကို တင်သွင်းသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီပြင်ဆင်ချက်ဥပဒေကြမ်းမှာ သြစတြေးလျ အွန်လိုင်းလုံခြုံရေး စောင့်ကြည့်ရေးအဖွဲ့ (eSafety) ရဲ့ ကော်မရှင်နာ ဂျူလီ အင်န်မန်း ဂရန့် (Julie Inman Grant) ကိုလည်း ပလက်ဖောင်းတွေက ဥပဒေလိုက်နာမှု ရှိမရှိ စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အချက်အလက် မှတ်တမ်းတွေ တောင်းခံနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုမိုပေးအပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အသက် ၁၆ နှစ်အောက် ကလေးငယ်တွေဟာ ဒီတားမြစ်ချက်ကို ဘယ်လိုရှောင်ကွင်းနေကြသလဲဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် အသက်အတည်ပြုပေးတဲ့ နည်းပညာ (Age Assurance Technology) ကုမ္ပဏီတွေလို ပြင်ပအဖွဲ့အစည်း (Third parties) တွေဆီကနေ အချက်အလက်တွေ ရယူနိုင်မယ့် အခွင့်အာဏာလည်း eSafety ကော်မရှင်နာကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အတိုက်အခံ လွှတ်တော်အမတ် ဂျိန်း ဟူးမ် (Jane Hume) ကတော့ ဥပဒေရဲ့ အားနည်းချက်တွေကြောင့် ဆိုရှယ်မီဒီယာ ပိတ်ပင်မှုဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ထောက်ပြခဲ့ပြီး သူမရဲ့ပါတီအနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ထောက်ခံမဲပေးဖို့ စဉ်းစားသွားမယ်လို့ ဆိုပါတယ်။
သြစတြေးလျလွှတ်တော်ဟာ ၂၀၂၄ ခုနှစ်မှာ ဒီပိတ်ပင်မှုဥပဒေကို တခဲနက် ထောက်ခံအတည်ပြုခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်သက်ဝင်ခဲ့တာပါ။ အစိုးရရဲ့ ကနဦးအစီရင်ခံစာတွေမှာ ကလေးငယ် ၅ သန်းကျော်ရဲ့ အကောင့်တွေကို ဖျက်သိမ်း (သို့မဟုတ်) ကန့်သတ်နိုင်ခဲ့တယ်လို့ ဆိုပေမယ့်၊ eSafety ရဲ့ မတ်လ အစီရင်ခံစာမှာတော့ ကလေးငယ် ၇၀ ရာခိုင်နှုန်းခန့်ဟာ Facebook, Instagram, Snapchat နဲ့ TikTok တွေပေါ်မှာ ဆက်လက်ရှိနေဆဲပဲလို့ တွေ့ရှိခဲ့ရပါတယ်။ eSafety ကော်မရှင်နာ အင်န်မန်း ဂရန့် ကတော့ ကလေးငယ်တွေ ဝင်ရောက်ခွင့်မရအောင် လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်တဲ့ အဲဒီပလက်ဖောင်းတွေနဲ့ YouTube ကို တရားစွဲဆိုဖို့ စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ပြောကြားထားပါတယ်။ သို့သော်လည်း X, Kick, Reddit, Threads နဲ့ Twitch ပလက်ဖောင်းတွေရဲ့ လုပ်ဆောင်မှုတွေကိုတော့ သူကျေနပ်အားရတယ်လို့ ဆိုပါတယ်။
ဝန်ကြီး ဝဲလ်စ် က eSafety ဆီကနေ လစဉ် အစီရင်ခံစာတွေ ရရှိနေပေမယ့် ပလက်ဖောင်းတွေဘက်က တိုးတက်မှု ဘာတစ်ခုမှ မတွေ့ရဘူးလို့ ပြောပါတယ်။ သူမက “အခု ဥပဒေကြမ်း အပြောင်းအလဲတွေက eSafety ကော်မရှင်နာအနေနဲ့ ဒီပလက်ဖောင်းတွေကို တာဝန်ယူမှုရှိလာအောင် လုပ်နိုင်မယ့် ကိရိယာတွေနဲ့ လုပ်ပိုင်ခွင့်တွေ ရရှိစေမှာဖြစ်ပြီး သူမကို ဒီတာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နိုင်အောင် သေချာလုပ်ဆောင်သွားမှာပါ။” လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အခြားနိုင်ငံအများအပြားကလည်း ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ကန့်သတ်ဖို့ စီစဉ်နေကြပြီး သြစတြေးလျရဲ့ ဒီဥပဒေ အကောင်အထည်ဖော်မှုနဲ့ တိုးတက်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာနေကြပါတယ်။
သတင်း Source: AP News