ဇွန် ၁၈၊ ၂၀၂၆

The Kaladan Post

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး နာရီပိုင်းအကြာမှာပဲ ရုရှားနဲ့ ယူကရိန်းတို့ဟာ မြို့တော်အသီးသီးကို အပြန်အလှန် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ရုရှားဘက်က ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပဲ့ထိန်းဒုံးကျည် (Ballistic Missiles) တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကိယက်ဗ် စစ်ဘက်အုပ်ချုပ်ရေးမှူး တီမူ တာချန်ကိုက “ရန်သူဟာ မြို့တော်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပါတယ်၊ လေကြောင်းအန္တရာယ် သတိပေးချက် မပြီးမချင်း ဘေးကင်းတဲ့နေရာတွေမှာ နေကြပါ” လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဆူမီ (Sumy) မြို့မှာလည်း ဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်းဒရုန်းတွေဟာ ရုရှားမြို့တော် မော်စကိုက ရေနံချက်စက်ရုံကို တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန်က အတည်ပြုထားပါတယ်။ ဒီလို ရေနံချက်စက်ရုံတွေ အတိုက်ခံနေရတာကြောင့် ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သူ ရုရှားဟာ ပြည်တွင်းမှာ လောင်စာဆီပြတ်လပ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ပင်လယ်ရေကြောင်းကနေ ဓာတ်ဆီတွေ ပြန်တင်သွင်းရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သမ္မတ ဇလန်းစကီးကတော့ ပြင်သစ်မှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း ရုရှားကို ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီ ခေါ်ဆောင်လာဖို့ နိုင်ငံတကာဖိအားတွေ ပိုပေးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်းမှာ သမ္မတ ထရန့်က “ရုရှားဟာ ယူကရိန်းထက် စစ်သားအသေအပျောက် ပိုများနေပါတယ်” လို့ မှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယူကရိန်းတစ်နိုင်ငံလုံးနီးပါးမှာ လေကြောင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပြီး နှစ်ဖက်စစ်ရေးတင်းမာမှုတွေဟာ အရှိန်မြင့်နေဆဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

Source: Reuters (Jekaterina Golubkova and Ronald Popeski)