ဇွန် ၁၈၊ ၂၀၂၆
The Kaladan Post
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပြီးနောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အဓိက စီမံကိန်းတွေကို အရှိန်မြှင့်တင်ဖို့ ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ တွေ့ဆုံမှုတွေအတွင်းမှာ နှစ်နိုင်ငံကြားက အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆက်လက်ပံ့ပိုးကူညီသွားဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကြီးတွေကို ရှေ့ဆက်လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးက ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ကြိုဆိုလိုက်ပြီး နိုင်ငံအတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေကိုလည်း ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် ဖော်ဆောင်နိုင်ဖို့ တရုတ်က ကူညီပေးသွားမှာပါ” လို့ ဘေဂျင်းအစိုးရက ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ နယ်နိမိတ်တွေကို အပြန်အလှန် လုံခြုံရေး ထိခိုက်စေမယ့် လုပ်ရပ်တွေအတွက် အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ကြပါတယ်။ စီးပွားရေးကဏ္ဍမှာတော့ သတ္တုတူးဖော်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ AI (ဉာဏ်ရည်တု) နည်းပညာနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားမယ့်အပြင်၊ ရှိရင်းစွဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေကိုလည်း အကျိုးရှိရှိ အသုံးချသွားမယ်လို့ သိရပါတယ်။
နိုင်ငံတကာ အခင်းအကျင်းမှာလည်း အာဆီယံနဲ့ ကုလသမဂ္ဂတို့မှာ မြန်မာနိုင်ငံအနေနဲ့ “အပြည့်အဝ၊ တန်းတူညီမျှပြီး အပြုသဘောဆောင်တဲ့ ပါဝင်ခွင့်” ရရှိရေးကို တရုတ်ဘက်က ဝန်းရံပေးသွားမယ်လို့ ဆိုပါတယ်။ ခရီးစဉ်အတွင်းမှာ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အဆင်ပြေမယ့်အချိန်မှာ မြန်မာနိုင်ငံဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Source: Reuters (Reporting by Shi Bu, Yukun Zhang and Liz Lee)