၇ လာတာ စစ်ဆင်ရေးအတွင်း စစ်တပ် ၁၀၀ ကျော် သုတ်သင်နိုင်ပြီး ကား ၄ စီး သိမ်းဆည်းဟု ဆို

စက်တင် ၂၀
The Kaladan Post
ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က စပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ၇ လတာကာလအတွင်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစု တွေကြား တိုက်ပွဲကြီးငယ် ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက အသိပေးလာပါတယ်။ အဲဒီတိုက်ပွဲတွေဟာ တပ်မ ၃၃၊ ခမရ ၁၂၊ ခမရ ၁၃ နဲ့ မင်းကွန်းပြည်သူ့စစ်အဖွဲ့ တို့ ပူးပေါင်းထားတဲ့ အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ၇ လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့တဲ့အပြင် ကား ၄ စီး သိမ်းဆည်းနိုင်ခဲ့ပြီး ဂျမ်ဘာကားတစ်စီး ဖျက်ဆီးကာ ဒရုန်း ၂ စီး ပစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီစစ်ဆင်ရေးကို အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တပ်ရင်း၊ ဗျူဟာ၊ ဒရုန်းတပ်ဖွဲ့ တွေနဲ့ ဝက်လက်မြို့နယ် ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ခုခံစစ်ကနေ ထိုးစစ်ပုံစံပြောင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ထုံးဘို၊ ရှားကွဲရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်နဲ့ သစ်ဆိမ့်ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း တပ်စွဲနေဆဲဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ရေကြောင်းကနေ သယ်ထုတ်တာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေတယ်လို့ တပ်ရင်းက အသိပေးထားပါတယ်။
ဒါကြောင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း အမှတ် ၃ လမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကို သတိထားပြီး အထူးဂရုစိုက်သွားလာကြဖို့ ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက တိုက်တွန်းထားပါတယ်။
#thekaladanpost #ဝက်လက်မြို့နယ် #ရွှေဘိုခရိုင် #ဧရာဝတီမြစ်ရိုး #တိုက်ပွဲ #တော်လှန်ရေး


တောင်ကြီး-ဟိုပုန်းလမ်းပေါ် ကျောက်တုံးကြီးလိမ့်ကျပြီး ကားတစ်စီးနဲ့ နေအိမ်တွေ ပျက်စီး

စက်တင် ၂၀
The Kaladan Post
ရှမ်းပြည်နယ် တောင်ကြီးမြို့အရှေ့ဘက် တောင်ကြီး-ဟိုပုန်းသွားလမ်းမှာ ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ညပိုင်းက တောင်ပေါ်မြေသားတွေ အိကျပြီး ကျောက်တုံးကြီးတစ်တုံး လိမ့်ကျလာတာကြောင့် ကားတစ်စီးနဲ့ အနီးဝန်းကျင်နေအိမ်တွေ ပျက်စီးပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရတယ်။ အဆိုပါဖြစ်စဉ်ဟာ ည ၁၀ နာရီ ၄၀ မိနစ်ခန့်မှာ ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံး အနောက်ဘက် တောင်ပေါ်ကနေ အလျား ၄၁ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေခန့်ရှိတဲ့ ကျောက်တုံးကြီး မြေသားတွေနဲ့အတူ လိမ့်ကျလာတာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက အသိပေးထားပါတယ်။
ကျောက်တုံးကြီးကျလာမှုကြောင့် လမ်းပိတ်ဆို့သွားခဲ့သလို လမ်းဘေးမှာ ရပ်ထားတဲ့ကားတစ်စီးလည်း ပြားချပ်သွားတဲ့အထိ ပျက်စီးခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရှမ်းပြည်နယ်မီးသတ်စခန်း၊ တောင်ကြီးခရိုင်မီးသတ်စခန်းနဲ့ တောင်ကြီးမြို့နယ်မီးသတ်စခန်းတို့က တာဝန်ရှိသူတွေ သွားရောက်ပြီး ကျောက်တုံးနဲ့ မြေသားတွေကို ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
အခုလို တောင်ပေါ်က ကျောက်တုံးလိမ့်ကျမှုဟာ အဲဒီနေရာအနီးမှာ ယမန်နှစ်ကလည်း ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်က ဒုတိယအကြိမ် ဖြစ်ကြောင်း သိရပါတယ်။
#thekaladanpost #တောင်ကြီး #ဟိုပုန်းလမ်း #ကျောက်တုံးလိမ့်ကျမှု #လမ်းပိတ်ဆို့မှု #ရှမ်းပြည်နယ်

မင်းဘူးမှ ထွက်လာသည့် ၁၈၅ ခန့်ပါ စစ်တပ်ယာဉ်တန်းကို FPV ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စက်တင် ၂၀
The Kaladan Post
မကွေးတိုင်း မင်းဘူးမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ယာဉ်တန်းကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းမှာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ ဒရုန်းလက်ရုံးအဖွဲ့တို့က FPV ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက အသိပေးလာ ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကား ၁၈၅ စီး ပါဝင်ပြီး လက်နက်ခဲယမ်းတွေ၊ ဗျူဟာမှူးတွေနဲ့ ဒရုန်းတွေ သယ်ဆောင်လာတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
စလင်းနဲ့ ကံပြားလမ်းကြား လက်ပံကျင်းရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး FPV ဒရုန်းက ယာဉ်အတွင်းကို တိုက်ရိုက်ဝင်ရောက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိပေမယ့် အရေအတွက်ကိုတော့ အတိအကျ အတည်ပြုနိုင်သေးဘူးလို့ တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောပါတယ်။
၎င်းက ယာဉ်ပေါ်ပါ တပ်ဖွဲ့ဝင်တွေနဲ့ ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို ကံပြားဘက်ကို သယ်ဆောင်သွား တယ်လို့ ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် စစ်ဌာနချုပ်ကွပ်ကဲမှုအောက်က အမှတ် ၅ တပ်ရင်းနဲ့ ဒရုန်းလက်ရုံးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
#thekaladanpost #မင်းဘူး #မကွေးတိုင်း #FPVဒရုန်း #စစ်ယာဉ်တန်း #မင်းဘူးခရိုင်

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ပြန်လည်ရွေးချယ်ပြီး CEC ၄၆ ဦးလည်း ပြန်လည်အတည်ပြု

စက်တင် ၂၀
The Kaladan Post
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ စတုတ္ထအကြိမ် ပါတီညီလာခံမှာ ဦးခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၆ ဦးကိုလည်း ပြန်လည်အတည်ပြုခဲ့ကြောင်း ကြံ့ဖွတ်သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ ပါတီ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုအရ ဦးမြတ်ဟိန်းနဲ့ ဦးသောင်းအေးကို ဒုတိယဥက္ကဋ္ဌတွေ၊ ဦးတင်အောင်ချစ်နဲ့ ဦးအောင်စိုးကို အတွင်းရေးမှူးတွေအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
USDP ရဲ့ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး ညီလာခံမတိုင်မီ စက်တင်ဘာ ၁၈ ရက်ကလည်း သတ္တမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
ဒီညီလာခံမတိုင်ခင် ပထမနေ့မှာတော့ လက်ရှိဥက္ကဋ္ဌ ဦးခင်ရီက ပါတီညီလာခံက ရွေးချယ်မယ့် ခေါင်းဆောင်သစ်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ကြိုဆိုပြီး ပံ့ပိုးသွားမယ်လို့ ပြောဆို ထားပါတယ်။ ဦးခင်ရီက ပါတီကို ခေတ်နဲ့အညီ ပြန်လည်ဖွဲ့စည်းပြီးနောက် ညီလာခံက ရွေးချယ်မယ့် ခေါင်းဆောင်သစ်တွေဟာ ပါတီရဲ့ ရှေ့ဆက်ခရီးကို ဆက်လက်ဦးဆောင်သွားရမယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါပေမယ့် ညီလာခံအပြီးမှာတော့ ဦးခင်ရီကိုပဲ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပြီး ပါတီရဲ့ လက်ရှိခေါင်းဆောင်ပိုင်းနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဆက်လက်ထားရှိတဲ့ ဖွဲ့စည်းပုံဖြစ်လာပါတယ်။
#thekaladanpost #USDP #ပြည်ခိုင်ဖြိုးပါတီ #ဦးခင်ရီ #ပါတီညီလာခံ #မြန်မာ့နိုင်ငံရေး

စစ်တပ်၏ ၄၉၂၆ စစ်ဆင်ရေးအတွင်း စစ်သားများနဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီး သိမ်းဆည်းဟု AA ထုတ်ပြန်

စက်တင် ၂၀
The Kaladan Post
ရခိုင်ပြည် စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် ကွမ်းတောင်နဲ့ အမြင့်ကျွန်းကျေးရွာကြားမှာ စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။ AA ပူးပေါင်းတပ်က ဖမ်းဆီးခံရတဲ့ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ တပ်မဌာနချုပ်လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းက တပ်သားတစ်ဦးရဲ့ ထွက်ဆိုချက် ရုပ်သံမှာ သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေကိုပါ ပြသလာတာြ ဖစ်ပါတယ်။
စစ်ကောင်စီဘက်က ရခိုင်ဒေသမှာ နယ်မြေပြန်လည်ရရှိဖို့ စက်တင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ “၄၉၂၆ စစ်ဆင်ရေး” နောက်ပိုင်း စစ်တွေ-ပုဏ္ဏားကျွန်းဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နှစ်ပတ်နီးပါးကြာလာတဲ့ စစ်တပ်၏ထိုးစစ်ဟာ ရှေ့မတိုးနိုင်ဘဲ အထိအခိုက်များပြီး အခက်တွေ့နေကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေဘက်မှာ စစ်ကြောင်းတွေ ထိုးစစ်ဆင်ခဲ့ပေမယ့် အစပိုင်းတိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာပြီးနောက် မြေပြင်ထိုးစစ်အရှိန် ကျဆင်းလာတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ စစ်တပ်က ရှေ့ဆက်ထိုးစစ်ဆင်တာထက် AA ရဲ့ တန်ပြန် ထိုးစစ်ကို ပြန်လည်ခုခံနေရပြီး စက်တင်ဘာ ၁၅ နဲ့ ၁၆ ရက်အတွင်း AA က စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်က စစ်ကောင်စီစခန်း ၄ ခုကို သိမ်းယူခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်တွေဘက်က အမြင့်ကျွန်း၊ ဝါဘိုကျွန်းနဲ့ ရွှေမင်းဂံအနီး တိုးဝင်လာတဲ့ စစ်ကြောင်းတချို့ နောက်ပြန်ဆုတ်ခဲ့ရပြီး ဝါဘိုအနီးက စစ်ကြောင်းတစ်ကြောင်းလည်း ရှေ့မတိုးနိုင်ဘဲ တန့်နေတယ်လို့ သိရပါတယ်။ ကျောက်ဖြူဘက်မှာလည်း တောင်မော်ဦးနဲ့ သိုင်းချောင်းဘက်က စတင်တဲ့ မြေပြင်ထိုးစစ်တွေ အရှိန်လျော့လာနေကြောင်း သိရပါတယ်။
#thekaladanpost #ရခိုင်ပြည် #အာရက္ခတပ်တော်AA #၄၉၂၆စစ်ဆင်ရေး #စစ်တွေ #ပုဏ္ဏားကျွန်း


ကြပ်သောင်းဆိပ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကြဲ စာသင်ကျောင်းများပျက်စီး

စက်တင် ၂၀
The Kaladan Post
KNU ဒူးသထုခရိုင် အမှတ် ၁ တပ်မဟာ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ကြပ်သောင်းဆိပ်ကျေးရွာ ကို စစ်တပ်က ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီကျော်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗုံး ၄ လုံးအနက် ၃ လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးကတော့ လူနေအိမ်ခြေရင်းမှာ မြေကြီးထဲစိုက်ဝင်နေပြီး မပေါက်ကွဲသေးဘူးလို့ ဆိုပါတယ်။
အရှေ့ဘက်ကမ်းမှာ ကျရောက်ခဲ့တဲ့ ဗုံးကြောင့် စာသင်ကျောင်းဆောင်၊ စပါးသိုလှောင်ရုံ၊ ဈေးဆိုင်နဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ အနောက်ဘက်ကမ်းမှာ တော့ စာသင်ကျောင်းဆောင် ၃ ဆောင်ကြား ဗုံးကျရောက်ခဲ့တာကြောင့် ကျောင်းဆောင်တစ်ဆောင် လုံးဝပျက်စီးသွားပြီး ကျန် ၂ ဆောင်လည်း ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဗုံးမပေါက်ကွဲသေးတဲ့တစ်လုံး ရှိနေဆဲဖြစ်တာကြောင့် ဒေသခံတွေက သတိထားနေကြပြီး ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်တွေကို သက်ဆိုင်ရာဘက်က ဆက်လက်စစ်ဆေးဖို့ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။
အလားတူ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်က စစ်ကြောင်းလည်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပဲ စစ်တပ်က Jet Fighter ၂ စီးဖြင့် ၃ ကြိမ် ဗုံး ၆ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ထို့ပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတစ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
#thekaladanpost #ဘီးလင်း #ကြပ်သောင်းဆိပ် #ဂျက်ဖိုက်တာဗုံးကြဲမှု #KNU #ဒူးသထုခရိုင်

တပ်ကုန်းနဲ့ မြို့သစ်မှာ မူးယစ်ဆေးဝါးများနဲ့အတူ လူ ၆ ဦး ဖမ်းဆီး

စက်တင် ၂၀
The Kaladan Post
နေပြည်တော် တပ်ကုန်းမြို့နယ်နဲ့ မကွေးတိုင်း မြို့သစ်မြို့နယ်တွေမှာ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်ဝယ်ထားရှိမှုတွေကို စစ်ဆေးဖမ်းဆီးရာ လူ ၆ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဂဠုန် PDF နတ်မောက်ဘက်က ပြောပါတယ်။ တပ်ကုန်းမြို့နယ် ဆုံတည်ပင်ကျေးရွာမှာ အသက် ၅၀ အရွယ် ဦးငြိမ်းထံက WY မူးယစ်ဆေးပြား ၁,၄၀၀ ပြားနဲ့ မောင်အောင်စိုးဦးထံက မူးယစ်ဆေးပြား ၁၄ ပြားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အလားတူ မြို့သစ်မြို့နယ် ချားပင်ရေကျေးရွာလမ်းပေါ်မှာ စစ်ဆေးရာမှာတော့ WY မူးယစ်ဆေးပြား ၁၂၀ ပြား၊ ဘိန်းမဲ ၁ ပိဿာ ၅ ကျပ်သား၊ WY 881 စာတန်းပါ မူးယစ်ဆေးပြား ၂၀,၀၀၀ ပြား၊ WY မူးယစ်ဆေးပြား ၂၅ ပြားနဲ့ ဘိန်းမဲ ၂၅ ကျပ်သားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
အခုဖမ်းဆီးထားသူ ၆ ဦးဟာ စစ်ကောင်စီတပ်နဲ့ ပတ်သက်မှုရှိ၊ မရှိကို ဆက်လက်စစ်ဆေးနေသလို လက်ဝယ်တွေ့ရှိထားတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း အသေးစိတ် စုံစမ်းနေတယ်လို့ ဂဠုန် PDF နတ်မောက် တာဝန်ရှိသူက အသိပေးထားပါတယ်။ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ WY စာတန်းပါ ဆေးပြားတွေ အများအပြားပါဝင်ပြီး ဘိန်းမဲတွေလည်း သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို စစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေ ဆက်လုပ်နေတယ်လို့ ဂဠုန် PDF နတ်မောက်ဘက်က ပြောဆိုထားပါတယ်။
#thekaladanpost #တပ်ကုန်း #မြို့သစ် #မူးယစ်ဆေးဝါး #ဂဠုန်PDF #မကွေးတိုင်း