စက်တင် ၂၁၊ ၂၀၂၆

The Kaladan Post

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၇ ဦးသည် မီဂါလာယာပြည်နယ် ဒေါ်ကီ (Dawki) နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံတွင်းသို့ ခိုးဝင်ကာ အာသံပြည်နယ်အထိ မရိပ်မိဘဲ သွားလာနိုင်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အချိန်သတ်မှတ် စုံစမ်းစစ်ဆေးပေးရန် ဒေသခံလူငယ်အဖွဲ့ (HYC) က တောင်းဆိုလိုက်ပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို အာသံပြည်နယ် ဂူဝါဟာတီ (Guwahati) နှင့် ဘွန်ဂိုင်ဂေါင်း (Bongaigaon) မြို့တို့တွင် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါတယ်။ အာသံရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့သည် ဒေါ်ကီဒေသမှတစ်ဆင့် မီဂါလာယာအတွင်းသို့ ခြေလျင် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဂျိုရာဘတ် (Jorabat) မှတစ်ဆင့် ဂူဝါဟာတီသို့ ဆက်လက် သွားရောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

Hynniewtrep Youths’ Council (HYC) က မီဂါလာယာပြည်နယ်အတွင်း ယခုကဲ့သို့ စစ်ဆေးတွေ့ရှိခြင်း မရှိဘဲ ဖြတ်သန်းသွားနိုင်မှုအပေါ် မေးခွန်းထုတ်ခဲ့ပြီး ပွဲစားများ၊ သယ်ယူပို့ဆောင်သူများနှင့် အကျိုးဆောင် ကွန်ရက်များ ပါဝင်ပတ်သက်မှုကို စုံစမ်းရန် စနေနေ့တွင် တိုက်တွန်းခဲ့ပါတယ်။ တာဝန်ပေါ့လျော့မှု ရှိပါက တာဝန်ရှိသူများကို အရေးယူရန်လည်း ထည့်သွင်း တောင်းဆိုထားပါတယ်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ နယ်စပ်တစ်လျှောက်ရှိ အားနည်းသော လမ်းကြောင်းများတွင် လုံခြုံရေး စောင့်ကြည့်မှုများကို ပြန်လည် စိစစ်ရန်နှင့် နယ်ခြားစောင့်တပ် (BSF)၊ မီဂါလာယာ ရဲတပ်ဖွဲ့နှင့် အာသံ ရဲတပ်ဖွဲ့တို့အကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဒေါ်ကီနယ်စပ်အနီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၈ ဦးကို မီဂါလာယာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ၎င်းတို့အား ကူညီပေးခဲ့သည့် အိန္ဒိယနိုင်ငံသား ပွဲစားများကိုပါ အနောက် ဂျိန်တိယာတောင်တန်း (West Jaintia Hills) ဒေသ၌ ဖမ်းဆီးခဲ့ဖူးပါတယ်။

Source – The Shillong Times