စက်တင် ၂၁၊ ၂၀၂၆

The Kaladan Post

အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း အိမ်နီးချင်းနိုင်ငံများ၏ သံတမန်ရေး ထိတွေ့ဆက်ဆံမှု ရရှိလာပြီးနောက် မြန်မာ စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ပွင့်လင်းစွာ ပယ်ချလာနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ မြတ်စန္ဒာဇော် က ရေးသားလိုက်ပါတယ်။

ဧပြီလတွင် သမ္မတအဖြစ် တာဝန်ယူပြီးနောက် မင်းအောင်လှိုင်သည် အိန္ဒိယ၊ တရုတ်နှင့် ရုရှားနိုင်ငံများသို့ သွားရောက်ခဲ့သည့်အပြင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် ၏ ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ ထို့အပြင် စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ သမ္မတ တိုလမ် နှင့် တွေ့ဆုံခဲ့သလို ကမ္ဘောဒီးယားနိုင်ငံသို့လည်း ဆက်လက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ထိတွေ့ဆက်ဆံမှုများ ရရှိလာပြီးနောက် စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အစား ၎င်းတို့၏ ကိုယ်ပိုင် လမ်းပြမြေပုံကိုသာ တွန်းအားပေးလာခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်တွင် 5PC မူဘောင်သည် အာဆီယံ အခြေခံမူများကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သလို ဩဂုတ် ၈ ရက်တွင်လည်း ရွေးကောက်ပွဲ ကျင်းပပြီးဖြစ်၍ အာဆီယံ အထူးသံတမန် မလိုအပ်တော့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။

သို့သော်လည်း ပင်လယ်ရေကြောင်း အာဆီယံနိုင်ငံများကမူ စစ်ကောင်စီ၏ ရပ်တည်ချက်ကို လက်မခံဘဲ ရှိနေပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် မာရီယာ ထရီဆာ လာဇာရို (Ma. Theresa Lazaro) က 5PC ကို လက်တွေ့ အကောင်အထည် မဖော်ဘဲ မြန်မာခေါင်းဆောင်များ အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ ပြန်လည် တက်ရောက်ခွင့်ရရှိရေးမှာ “ဝေးကွာနေဆဲ” ဖြစ်ကြောင်း ပြောကြားထားပြီး စင်ကာပူနိုင်ငံကလည်း ယင်းရပ်တည်ချက်ကို ထောက်ခံထားပါတယ်။

ကုန်းတွင်းပိုင်း အာဆီယံနိုင်ငံများ၏ စစ်ကောင်စီနှင့် သီးခြား ထိတွေ့ဆက်ဆံမှုများသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုအချက်အချာကျမှုကို ထိခိုက်စေပြီး အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ရပ်တန့်သွားစေနိုင်ကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

Source – Myat Sandar Zaw