NCA လက်မှတ်ရေးထိုးထားသည 7 EAO Alliance နှင့် စစ်တပ် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်
ဇွန် ၁၀
The Kaladan Post
အာဏာသိမ်းစစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (7 EAO Alliance) တို့သည် ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ အလွတ်သဘော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း 7 EAO Alliance က အသိပေးလာသည်။ အဆိုပါတွေ့ဆုံမှုမှာ စစ်ကောင်စီဘက်မှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး 7 EAO Alliance ကိုယ်စား RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
7 EAO Alliance ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီ နှင့် မဟာမိတ်အဖွဲ့အတွင်း ဆွေးနွေးသဘောတူပြီး လက်ခံခဲ့သည်ဟု ဆိုသည်။ ဗိုလ်မှူးကြီး စိုင်းငင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီစွာ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားများနှင့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ယုံကြည်မှုတည်ဆောက်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဖော်ဆောင်နိုင် ရေးကို အလေးပေးပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီဘက်မှ အဖွဲ့တစ်ဖွဲ့ချင်းစီထံ ကိုယ်စားလှယ်များ စေလွှတ်ကာ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားများကို ရှင်းလင်းခဲ့ခြင်းသည် ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်မှုကို ပြသသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း 7 EAO Alliance ဘက်က သုံးသပ်ထားသည်။ လက်ရှိ 7 EAO Alliance တွင် RCSS၊ NMSP၊ DKBA၊ KNU/KNLA(PC)၊ LDU၊ PNLO(NCA-S) နှင့် ALP တို့ ပါဝင်လျက်ရှိပြီး ယခင် PPST အဖွဲ့တွင် ပါဝင်ခဲ့သည့် KNU၊ CNF နှင့် ABSDF တို့မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း နုတ်ထွက်သွားခဲ့ကြသည်။
#NCA #7EAOAlliance #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #နေပြည်တော် #RCSS #မြန်မာ့နိုင်ငံရေး

KIA သတိပေးပြီးနောက် ရွှေကူမြို့ခံများ တိမ်းရှောင်လိုသော်လည်း စစ်တပ်ပိတ်ဆို့မှုကြောင့် ပိတ်မိနေ
ဇွန် ၁၀
The Kaladan Post
ကချင်ပြည်နယ် ရွှေကူမြို့အတွင်းရှိ ပြည်သူများအား တိမ်းရှောင်ထွက်ခွာကြရန် KIA တပ်မဟာ (၁၁)၊ တပ်ရင်း (၁၂) က ဇွန်လ ၈ ရက်နေ့မှစ၍ သတိပေးထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်များ၏ လမ်းပိတ်ဆို့စစ်ဆေးမှုများကြောင့် ဒေသခံအများအပြား မြို့တွင်းပိတ်မိနေကြကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ မြို့ပေါ်တွင် KIA ၏ ထုတ်ပြန်ချက်ကို မသိရှိသေးသူများလည်း ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း ဆိုသည်။
KIA ဘက်က ရွှေကူမြို့အဝင်လမ်းမကြီးနှင့် ရွှေကူ–ငါးအိုးလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင် ထားကြောင်း ကြေညာထားပြီး ပြည်သူများအနေဖြင့် တော်လှန်–လမ်းကူး–စီသာ–မိုးကင့်–စီဖွား လမ်းပိုင်းကိုသာ အသုံးပြုကြရန် တိုက်တွန်းထားသည်။ ထို့ပြင် ပိတ်ပင်ထားသော လမ်းများကို ဆက်လက်အသုံးပြုခြင်း သို့မဟုတ် မြို့တွင်း ဆက်လက်နေထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် တာဝန်ယူမည်မဟုတ်ကြောင်းလည်း KIA က အသိပေးထားသည်။
ရွှေကူဒေသသည် KIA တပ်မဟာ (၁၁) လက်အောက် နယ်မြေတစ်ခုဖြစ်ပြီး မေလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်များက ငါးအိုးရွာအနီးတွင် အင်အားအများအပြား စုစည်းကာ ရွှေကူမြို့ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။ ထိုစစ်ကြောင်းများနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုများနှင့် လေကြောင်းဗုံးကြဲမှုများလည်း ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် လူဦးရေ တစ်သောင်းကျော် နေထိုင်သည့် ရွှေကူမြို့တွင် စစ်တပ်က လုံခြုံရေးအကြောင်းပြ ချက်ဖြင့် မြို့ဝင်မြို့ထွက်လမ်းများကို တင်းကျပ်စွာ စစ်ဆေးနေပြီး ပြည်သူများ၏ သွားလာမှုများကို ကန့်သတ်ထားကြောင်း သိရသည်။
#ရွှေကူ #KIA #ကချင်ပြည်နယ် #စစ်ရေးတင်းမာမှု #စစ်ဘေးရှောင် #မြန်မာ့ပဋိပက္ခ

SCEF က နိုင်ငံတကာထောက်ခံမှု တိုးမြှင့်ရေး အရှိန်မြှင့်မည် ဟု SCEF ပြော
ဇွန် ၁၀
The Kaladan Post
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့သည့် စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေး ခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ယခုနှစ်အတွင်း နောက်ထပ် ပြည်ပခရီးစဉ်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။ SCEF အနေဖြင့် နိုင်ငံတကာအစိုးရ များ၊ လွှတ်တော်များနှင့် အဖွဲ့အစည်းများထံမှ ထောက်ခံမှုများ တိုးမြှင့်ရရှိရေးကို အဓိကရည်မှန်းထား ကြောင်း သိရသည်။
ဒေါ်ဇင်မာအောင်က အဝေးရောက်မြန်မာဒိုင်အက်စပိုရာများ၏ အင်အားနှင့် ပူးပေါင်းပါဝင်မှုသည် မြန်မာ့တော်လှန်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ပြောဆိုပြီး ပြည်ပ ခရီးစဉ်တိုင်းတွင် မြန်မာအသိုင်းအဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အဓိကအစီအစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ကနေဒါခရီးစဉ်အတွင်း တိုရွန်တိုနှင့် ဗန်ကူးဗားမြို့များရှိ မြန်မာမိသားစုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် SCEF ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါအစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် နိုင်ငံတကာမိတ်ဖက်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာရောက်ရှိနိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် လက်ရှိ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ကနေဒါဘက်ကလည်း မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
SCEF သည် KIO/KIA၊ KNU၊ CNF၊ KNPP၊ NUG နှင့် CRPH တို့ ပူးပေါင်းဖွဲ့စည်းထားသည့် နိုင်ငံရေးမဟာမိတ်အဖွဲ့ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံတကာဆက်ဆံရေး တိုးချဲ့ရေးနှင့် တော်လှန်ရေးအင်အားစုများ ပိုမိုစုစည်းညီညွတ်လာစေရေးကို ရည်မှန်းဆောင်ရွက်နေသည်။ ထို့ပြင် အခြားပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့များ ပိုမိုပါဝင်လာနိုင်ရေးအတွက် ဆက်လက်တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
#SCEF#MyanmarDiaspora#FederalDemocracy#CanadaMyanmar#MyanmarRevolution

မြစ်ခြေရဲစခန်း PDF သိမ်းပိုက် စစ်သား ၂ ဦးသေ စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိ
ဇွန် ၁၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) သည် မကွေးတိုင်း၊ ပခုက္ကူခရိုင် မြစ်ခြေမြို့ရှိ ရဲစခန်းကို ဇွန်လ ၁၀ ရက် နံနက်ပိုင်း တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နာရီအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ စစ်ဆင်ရေးကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာနက ဦးဆောင်ကွပ်ကဲ ခဲ့ကြောင်း သိရသည်။
PDF က မြစ်ခြေဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များက မေလ ၁၀ ရက်မှ ဇွန်လ ၂ ရက်အထိ ပြည်သူပိုင် နေအိမ် ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အတည်ပြုနိုင်သော ပြည်သူ ၂၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ကြောင့် ယခုစခန်းသိမ်းတိုက်ခိုက်မှုသည် အဆိုပါ စစ်ရာဇဝတ်မှုများအပေါ် လက်တုံ့ပြန်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၄ ဦးမှာ စစ်သုံ့ပန်းအဖြစ် လက်နက်ချ အညံ့ခံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ထို့ပြင် G-3 သေနတ် ၁၈ လက်၊ ၇၉ မမ လက်နက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ခြောက်လုံးပြူး ၂ လက်နှင့် ကျည်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
PDF က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများအား စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်ကာ အရေးယူသွားမည်ဟု ဆိုသည်။ ထို့အပြင် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက် ရန်နှင့် စစ်အုပ်စုကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် စစ်မျက်နှာအသီးသီးတွင် ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု အသိပေးထားသည်။
#MyanmarResistance #MyitCheOperation#PakokkuDistrict#MagwayRegion

၈ မိုင်အကွာ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် Missile Rocket တီထွင်ထုတ်လုပ်နိုင်ဟု SDDF ဆို
ဇွန် ၁၀
The Kaladan Post
အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် Saw Dragon Drone Force (SDDF) တပ်ရင်း က ၈ မိုင်အကွာအဝေးရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်သည့် “Missile Rocket” များကို ကိုယ်တိုင် တီထွင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ယင်းနည်းပညာတိုးတက်မှုသည် တော်လှန်ရေးကာလ ၅ နှစ် အတွင်း ရရှိခဲ့သည့် အရေးပါသော အောင်မြင်မှုတစ်ရပ်ဖြစ်သည်ဟု ယနေ့တွင် ထုတ်ပြန်လာသည်။
SDDF သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နည်းပညာအခြေပြု တော်လှန်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လာခဲ့ပြီး၊ ၎င်းတို့ တီထွင်ထုတ်လုပ်သည့် Missile Rocket များ၏ စွမ်းရည်မှာ ၄ မိုင်၊ ၆ မိုင်မှ ၈ မိုင်အထိ တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအောင်မြင်မှု များသည် ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း SDDF က ပြောဆိုထားသည်။
SDDF တာဝန်ရှိသူတစ်ဦးက ပြည်သူများ၏ အားပေးမှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့်သာ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာခြင်းဖြစ်ပြီး တော်လှန်ရေးအောင်ပွဲရရှိသည့်အထိ ပြည်သူများအနေဖြင့် ဆက်လက်ပံ့ပိုးပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။ ထို့ပြင် ယခုနည်းပညာ အောင်မြင်မှုများ ကို အခြေခံကာ ပိုမိုခေတ်မီသည့် တီထွင်ဆန်းသစ်မှုများ ဆက်လက်ဖော်ဆောင်သွား မည်ဟု ဆိုသည်။
အဝေးပစ်ရော့ကတ်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းသည် ပြည်သူများ၏ သွေး၊ ချွေးနှင့် ထောက်ပံ့မှုများမှ ပေါက်ဖွားလာသည့် တော်လှန်ရေး၏ အသီးအပွင့်တစ်ခုဖြစ်ကြောင်းနှင့် စစ်တပ်ကို အဆုံးတိုင် တိုက်ထုတ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း SDDF က ပြောဆိုထားသည်။
#SDDF #MyanmarResistance#SpringRevolution#DroneTechnology#MyanmarConflict

ပြည်သူတွေ ကန့်ကွက်ခံရမှုကြောင့် နိုင်ငံ လျှပ်စစ်မလုံလောက်ဟု မင်းအောင်လှိုင် ပြော
ဇွန် ၁၀
The Kaladan Post
နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းကြီးများကို ဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ ကန့်ကွက်မှု များကြောင့် အကောင်အထည်ဖော်ရာတွင် နှောင့်နှေးခဲ့ရပြီး ယင်းစီမံကိန်းများသာ အချိန်မီဆောင်ရွက် နိုင်ခဲ့ပါက ယနေ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဟု နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ အာဏာသိမ်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ရေအရင်း အမြစ်များကို ထိရောက်စွာ အသုံးမချနိုင်ဘဲ ပင်လယ်အတွင်းသို့ စီးဆင်းဆုံးရှုံးနေခြင်းသည် နိုင်ငံအတွက် အကျိုးစီးပွားနစ်နာမှုဖြစ်သည် ဆိုသည်။
နိုင်ငံရှိ မြစ်ချောင်းများမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၁ သိန်းကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်ပြီး ၃ ဒသမ ၅ ရာခိုင် နှုန်းခန့်သာ အသုံးချနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖြစ်သည့် ရေအားလျှပ်စစ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့သည်။
စစ်တပ်သည် လူထုကန့်ကွက်မှုများကြောင့် ဆယ်စုနှစ်တစ်ခုကျော် ရပ်ဆိုင်းထားခဲ့ရသည့် ပြန်လည် စတင်နိုင်ရေးအတွက် ၂၀၂၅ ဒီဇင်ဘာကစပြီး မြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့ ပြောဆိုချက် တွေ၊ လူထုတွေဆုံပွဲတွေ ဆက်တိုက်ပြုလုပ်တာတွေ လုပ်ဆောင်နေတဲ့အပေါ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ် အပါအဝင် ဒေသခံပြည်သူတွေကလည်း စီမံကိန်း ကန့်ကွက် ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ၊ သဘောထား ထုတ်ပြန်တာတွေရှိကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားဖူးသည်။
ကချင်ပြည်နယ် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ခြင်း၊ ဒေသတွင်း အလုပ်အကိုင်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ခြင်းများအကြောင်းပြကာ စည်းရုံးနေသည်။ ထို့ပြင် မြစ်ဆုံစီမံကိန်းတွင် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ကချင်ပြည်နယ်အတွင်း လိုအပ်ချက် အတွက် ဦးစားပေးအသုံးပြုပြီး ပိုလျှံမှသာ အခြားဒေသများသို့ ဖြန့်ဝေမည်ဟု စစ်တပ်ဘက်က အတင်းစည်းရုံးနေကြောင်း သိရသည်။
#MyitsoneDam#HydropowerProject#MyanmarElectricity#MinAungHlaing#EnergySector
#KachinState#MyanmarNews
