ဇွန် ၁၁၊ ၂၀၂၆
The Kaladan Post
 
တရုတ်ဝါဒဖြန့်ချိသူတွေဟာ OpenAI ကုမ္ပဏီရဲ့ ChatGPT ကို အသုံးပြုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်မူဝါဒတွေကို လူထုကန့်ကွက်လာအောင် လှုံ့ဆော်တာနဲ့ အမေရိကန်ပြည်တွင်းက ဒေတာစင်တာ (Data Centers) ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေမှာ ကြားဝင်နှောင့်ယှက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ OpenAI က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
 
OpenAI ရဲ့ အစီရင်ခံစာအရ ဒီဝါဒဖြန့်မှုတွေဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကနေ ၂၀၂၆ ခုနှစ်အစောပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တရုတ်စကားပြော အသုံးပြုသူတစ်စုဟာ ChatGPT ကိုသုံးပြီး သမ္မတ ထရန့်ရဲ့ ကုန်သွယ်ရေးနဲ့ နည်းပညာမူဝါဒတွေကို ဝေဖန်တဲ့ ကြွေးကြော်သံတွေနဲ့ ကာတွန်းပုံတွေကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
 
အဆိုပါ ကာတွန်းတွေထဲမှာတော့ သမ္မတ ထရန့်က “ကမ္ဘာ့အနာဂတ်” လို့ ရေးထားတဲ့ နံရံကို တူနဲ့ထုနေတာ ဒါမှမဟုတ် သူကိုယ်တိုင် ရပ်နေတဲ့ လှေကားကို ဖြတ်တောက်နေတာ စတဲ့ ပုံစံမျိုးတွေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နှောင့်ယှက်ဖျက်ဆီးသူအဖြစ် ပုံဖော်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဟာ တရုတ်ဘာသာစကားနဲ့ ရေးထားတဲ့ ဆောင်းပါးတွေရဲ့ Comment ကဏ္ဍတွေမှာ ဝါဒဖြန့်စာတွေ ရေးသားဖို့ ChatGPT ကို သုံးခဲ့သလို၊ အီတလီနဲ့ ဂျပန်ဘာသာစကားတွေနဲ့ပါ အကြောင်းအရာတွေကို ဖန်တီးခဲ့ကြတယ်လို့ OpenAI က ဖော်ထုတ်ထားပါတယ်။
 
ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဝါရှင်တန်မြို့မှာရှိတဲ့ တရုတ်သံရုံးကတော့ OpenAI ရဲ့ သုတေသနကို အသေးစိတ် မသိရှိရသေးပေမဲ့ “တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိဘဲ တိုက်ခိုက်စွပ်စွဲတာ ဒါမှမဟုတ် နာမည်ဖျက်တာတွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အေအိုင်နည်းပညာကို ကောင်းမွန်တဲ့နေရာတွေမှာပဲ အသုံးပြုဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
OpenAI ရဲ့ အဆိုအရ အခုလို ဝါဒဖြန့်ဖို့ ကြိုးပမ်းမှုတွေဟာ လူထုအပေါ် သက်ရောက်မှုတော့ မရှိသလောက် နည်းပါးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒါဟာ ဒစ်ဂျစ်တယ်ဝါဒဖြန့်တဲ့နေရာမှာ Generative AI နည်းပညာဟာ ဘယ်လောက်အထိ အရေးပါလာသလဲဆိုတာကို ပြသနေတဲ့ နောက်ထပ် သက်သေတစ်ခု ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Source: Reuters