CDF-Zophei ဌာနချုပ်အား စစ်တပ်က လေကြောင်းဖြင့် ဗုံးအလုံးရေ ၆၂ လုံးကျော် တိုက်ခိုက်
ဇွန် ၁၄
The Kaladan Post
ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ၏ အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက် မှုများ ဆက်လက်ပြုလုပ်နေသည့် စစ်ကောင်စီတပ်သည် ဇွန်လ ၁၁ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲ အတွင်း Chinland Defense Force – Zophei (CDF-Zophei) ဌာနချုပ်အား လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Zopheiram Council က ထုတ်ပြန်သည်။
စစ်တပ်သည် တံတားဦး၊ နေပြည်တော်၊ မကွေးနှင့် ရှမ်းတဲလေတပ်စခန်းများမှ တိုက်ခိုက်ရေးလေယာဉ် များ စေလွှတ်ခဲ့ပြီး Yak-130၊ JF-17 Thunder၊ MIG-29 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်များနှင့် Y-12 စစ်ဘက်သုံးလေယာဉ်တို့ကို အသုံးပြုကာ စုစုပေါင်း လေယာဉ် ၈ စီးဖြင့် အကြိမ်ရေ ၁၅ ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုအတွင်း ပေါင် ၅၀၀ ဗုံးသီး ၁၁ လုံး အပါအဝင် ဗုံးအလုံးရေ ၆၂ လုံးကျော် အသုံးပြုခဲ့သည်ဟု ဆိုသည်။ ယင်းတိုက်ခိုက်မှုကြောင့် ဇိုဖေရမ် အစိုးရ ကျန်းမာရေးဌာန အတွင်းရေးမှူး မိုင်ဗန်ဒေါ့သ်ချင်း ကျဆုံးခဲ့ပြီး အခြား ၃ ဦး ဒဏ်ရာရရှိကာ ၎င်းတို့အား လုံခြုံသည့်နေရာတွင် ဆေးဝါးကုသမှုခံကာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိကြောင်း သိရသည်။
အဖွဲ့အစည်း၏ ခေါင်းဆောင် မိုင်ဗန်ဒေါ့သ်ချင်း ကျဆုံးမှုအပေါ် အထူးဝမ်းနည်းကြောင်းနှင့် အမြင့်မား ဆုံးသော ဂုဏ်ပြုအလေးပြုမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှည့်ဖြားမှုများကို နားမယောင်ဘဲ တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ရပ်တည်ကြရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Zopheiram Council က အသိပေးထားသည်။
#CDFZophei #ZopheiramCouncil #Chinland #MyanmarConflict #AirStrike #ChinResistance #FederalDemocracyMyanmar

ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးအပေါ် MOD ၏ ထုတ်ပြန်ချက်သည် ဇာတ်လမ်းဆင်သာဖြစ်ဟု MDY Truth တုံ့ပြန်
ဇွန် ၁၄
The Kaladan Post
ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့အား စွပ်စွဲပြစ်တင်ထားသည့် အချက် (၁၆) ချက်ပါ ထုတ်ပြန်ချက်ပါ အကြောင်းအရာများသည် မြေပြင်ဖြစ်စဉ်နှင့် ကိုက်ညီမှုမရှိဘဲ လက်တွေ့ အခြေအနေများနှင့် ဆန့်ကျင်နေကြောင်း MDY Truth က ပြန်လည်တုံ့ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ကိုယ်ရေးကိုယ်တာ စွပ်စွဲချက်များနှင့် ရွှေ ၁၆ ပိဿာဆိုင်ရာ အကြောင်းအရာများမှာ မမှန်ကန်ကြောင်း ငြင်းဆိုထားပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မဟာမိတ်ခေါင်းဆောင် များထံ ယခင်ကတည်းက ရှင်းလင်းအသိပေးထားကြောင်း ပြောကြားထားသည်။
ထို့ပြင် MOD ဘက်မှ ဖော်ပြထားသည့် သက်သေများနှင့် စွပ်စွဲချက်များသည် ယုံကြည်စိတ်ချရမှု မရှိ ကြောင်း၊ ကိုမုန်တိုင်းနှင့် နီးစပ်သူများအပေါ် ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် တပ်ဖွဲ့ အတွင်း လုံခြုံစွာ ရပ်တည်နိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေရသူများ များပြားလာကြောင်း MDY Truth က ထောက်ပြထားသည်။ ထို့အတူ စစ်ရေးသဘောထားကွဲလွဲမှုများကို အခြေခံကာ ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့အား ပြိုင်ဘက်များအဖြစ် သတ်မှတ်၍ ဖယ်ရှားရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်ဟု စွပ်စွဲထားသည်။
MDY Truthသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ MOD အတွင်း ဖြစ်ပေါ်နေသည့် လူမှုရေးနှင့် အာဏာဆိုင်ရာ ပြဿနာများကို ဖော်ထုတ်တင်ပြခြင်းသာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ရေးနှင့် အဖွဲ့အစည်း များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း အသိပေးထားသည်။
NUG ထုတ်ပြန်ချက်မှာ ရဲဘော်မုန်တိုင်းကို လူမှုရေးကိစ္စအတွက် ပြစ်ဒဏ် ၆ လ ကျခံနေရချိန်မှာ ရဲဘော်နိုင်ကြီးနဲ့ ပေါင်းပြီး တပ်ဖွဲ့ပိုင် ရွှေ ၁၆ ပိဿာကျော်ကို လုပ်ပိုင်ခွင့်ကိုကျော်လွန်ထုတ်ယူတယ်လို့ ဖော်ပြထားသည်။ ရဲဘော်မုန်တိုင်းနဲ့အတူ MDY PDF တည်ထောင်ချိန်မှာ အတူပါဝင်တဲ့ စစ်ဦးစီး အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ MDY Truth အဖွဲ့ကတော့ “လူမှုရေးကိစ္စဆိုပြီး ထပ်တိုး ထပ်မံပုံဖော် လာတာဟာ အင်မတန်သေးသိမ်တဲ့လုပ်ရပ်ပါ” လို့ NUG ထုတ်ပြန်ချက်ကို မှတ်ချက်ပေးခဲ့သသည်။
#MOD #KoMoneTine #NUG #MyanmarResistance #DefenseMinistry #RevolutionNews #MyanmarPolitics

ဂန့်ဂေါမြို့နယ် ရှောက်ပင်စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး
ဇွန် ၁၄
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှောက်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က ဇွန်လ ၈ ရက်မှ ၁၃ ရက်နေ့အထိ ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်တပ်ဂိတ်၏ ဘန်ကာအတွင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး BA-100 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက်နှင့် MA-11 သေနတ် ၁ လက် စုစုပေါင်း လက်နက် ၅ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က အတည်ပြု ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။ စစ်ဆင်ရေး ပြီးဆုံးချိန်တွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#ဂန့်ဂေါ#ရှောက်ပင်ကျေးရွာ#နဂါးညီနောင်#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့#မကွေးတိုင်း#မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေတွင် စစ်တပ်ဘက်မှ ၂၈ ဦး သေဆုံးဟု PDF စစ်ရုံးချုပ် ထုတ်ပြန်
ဇွန် ၁၄
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ၂၀၂၆ ခုနှစ် မေလနှင့် ဇွန်လပထမပတ်အတွင်း မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများ၏ ရလဒ်များကို အသိပေးလာသည်။ အဆိုပါကာလအတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံး ကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရန်သူ့ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်သို့ ဦးတည်ထိုးစစ်ဆင် နေသည့် စစ်ကြောင်းများကိုလည်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အမှတ်(၄) လေကြောင်းချီတပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းနောက် အစားထိုးဝင်ရောက်လာသည့် အမှတ်(၄) လေကြောင်းချီတပ်မဟာ ဒုတပ်မဟာမှူးနှင့် ရန်သူ့ဒရုန်းတပ်ဖွဲ့ကို ထပ်မံခြုံခိုတိုက်ခိုက်နိုင်ခဲ့ရာ ဒုတပ်မဟာမှူးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ထို့အပြင် ထီးချိုင့်မြို့ စစ်ဆင်ရေးတွင် ဦးဆောင်ပါဝင်နေသည့် ခလရ(၄) တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနှင့် တပ်ကြပ်အောင်ဇော်ဇော်တို့ကိုလည်း PDF တပ်ဖွဲ့ဝင်များက ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
မြင်းခြံခရိုင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာ သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်လာသည့် ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။ ထို့အတူ တော်လှန်ရေးအောင်မြင်စေ ရေးအတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဆက်လက်ကူညီပံ့ပိုးပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
#မန္တလေးတိုင်း#PDF#NUG#စစ်ဆင်ရေးသတင်း#တော်လှန်ရေး#မြင်းခြံ#မြန်မာသတင်း

ရန်ကုန်ရှိ NLD ရုံးချုပ်မှ ပါတီဆိုင်းဘုတ်နှင့် အလံကို စစ်ကောင်စီ ဖြုတ်ချ
ဇွန် ၁၄
The Kaladan Post
ရန်ကုန်မြို့ အထက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ် အဆောက်အအုံတွင် တပ်ဆင်ထားသော ပါတီဆိုင်းဘုတ်နှင့် အလံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် ဖြုတ်ချသွားခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ စစ်တပ်သည် ယာဉ်သုံးစီးဖြင့် ရောက်ရှိလာပြီး ည ၁၀ နာရီဝန်းကျင်တွင် အဆိုပါဆိုင်းဘုတ်နှင့် အလံကို ဖြုတ်ချ သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
NLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲကာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး ပါတီရုံးများအား ဝင်ရောက်ရှာဖွေခြင်း၊ စာရွက်စာတမ်းများ သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
NLD ပါတီ၏ ထုတ်ပြန်ချက်များအရ လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနှင့် ပါတီဝင် ၂၆၁ ဦး စုစုပေါင်း ၄၆၀ ဦး၏ နေအိမ်များ ချိတ်ပိတ်ခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးနှင့် ပါတီဝင် ၂,၈၈၀ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ ရက်ပိုင်း အလိုမှာ ယခုလို ဖြုတ်ချတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုပြည်နှင့် ၎င်း၏ ပုံရိပ်အားလုံးကို ဖျက်ဆီးဖို့ရည်ရွယ် ကြောင်း သုံးသပ်မှုများရှိနေသည်။
၂၀၂၁ခုနှစ် အာဏာသိမ်းခါစ ဖေဖော်ဝါရီ ၉ ရက် ယခုလို ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် စစ်ကားများဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်အား ဝင်ရောက်စီးနင်းကာ ရုံးသုံး ပစ္စည်းများ၊ ငွေသားနှင့် ဘဏ်စာအုပ်များကို ယူဆောင်သွားခဲ့ပြီး၊ NLD တာဝန်ရှိသူများက ဗဟန်း မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားရာ ရဲစခန်းမှ ပ/၃၂ ဖြင့် အမှုလက်ခံထားကြောင်း သိရသည်။#NLD#ရန်ကုန်#ရွှေဂုံတိုင်#နိုင်ငံရေးသတင်း#မြန်မာနိုင်ငံ#ဒီမိုကရေစီ#မြန်မာသတင်း

မင်းတပ်မြို့နှင့် ကျေးရွာများကို စစ်တပ် လေကြောင်းတိုက်ခိုက် နေအိမ်များ ပျက်စီး
ဇွန် ၁၄
The Kaladan Post
ချင်းပြည်နယ် မင်းတပ်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို စစ်ကောင်စီတပ်က ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် အေလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့အနီးကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး၊ မင်းတပ် မြို့နယ် အရှေ့ခြမ်းကိုလည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများကို အသေး စိတ် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် မင်းတပ်မြို့နယ် တိုက်နယ်(၁၄) အတွင်းရှိ ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ဒေသခံပြည်သူများ ထိခိုက်မှုရှိ၊ မရှိကိုလည်း ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
မင်းတပ်မြို့ပေါ်နှင့် အနီးတဝိုက်ဒေသများကို စစ်ကောင်စီတပ်က ဇွန်လ ၆ ရက်မှစ၍ ၇ ရက်၊ ၈ ရက်၊ ၁၀ ရက်နှင့် ၁၂ ရက်နေ့များတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ လတ်တလော တိုက်ခိုက်မှုများ၏ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
#မင်းတပ်#ချင်းပြည်နယ် #စစ်ကောင်စီ#ဒေသခံပြည်သူများ#စစ်ရေးသတင်း#မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့ “နှင်းဆီလှုပ်ရှားမှု” တွင် ပါဝင်ကြရန် PPNM တိုက်တွန်း
ဇွန် ၁၄
The Kaladan Post
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုများ စုပေါင်းပါဝင်သည့် နိုင်ငံ လုံးဆိုင်ရာ လူထုလှုပ်ရှားမှုအဖြစ် ဆင်နွှဲသွားမည်ဖြစ်ကြောင်း သပိတ်အင်အားစုများက ထုတ်ပြန်မှု အပေါ် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများအနေဖြင့် ပါဝင်ကြရန် PPNM တိုက်တွန်းထားသည်။ အဆိုပါလှုပ်ရှားမှုသည် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးသော နိုင်ငံအနှံ့ လူထု လှုပ်ရှားမှုကြီးဖြစ်ပြီး “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူသော ကြွေးကြော်သံဖြစ်သည်။
ယင်းလှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် နှင်းဆီပန်းများ သို့မဟုတ် လက်လှမ်းမီသည့် ပန်းများကို ပန်ဆင်ခြင်း၊ ဘုရားတင်လှူခြင်း၊ အပြန်အလှန်ဝေငှခြင်း၊ လူမှုကွန်ရက်များပေါ်တွင် ဓာတ်ပုံများ မျှဝေခြင်းနှင့် မြေပြင်သပိတ်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ပါဝင် နိုင်ကြောင်း လူထုသပိတ်အင်အားစုများက ထုတ်ပြန်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို အာရုံစိုက်စေရန် ရည်ရွယ်သည့် “Proof of Life” ကမ်ပိန်းနှင့်လည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းဆီလှုပ်ရှားမှုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနှင့် သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ တရားဝင်နိုင်ငံရေးအခန်းကဏ္ဍကို အတည်ပြုဖော်ပြရေး စသည့် အဓိကတောင်းဆိုချက်များကို လူထုအသံအဖြစ် ဖော်ထုတ်မည်ဖြစ်ပြီး ယင်းလှုပ်ရှားမှုတွင်ပါဝင်ကြရန် PPNM တိုက်တွန်းထားသည်။
#ROSEMovement#နှင်းဆီလှုပ်ရှားမှု#ဒေါ်အောင်ဆန်းစုကြည်#နိုင်ငံရေးအကျဉ်းသားများ
