ရွှေကူ-မဘိမ်းဒေသ တိုက်ပွဲပြင်းထန်ကြ စစ်တပ်ဘက် သေဆုံးမှုများပြားနေ

 

ဇွန် ၁၆

The Kaladan Post

ကချင်ပြည်နယ် ရွှေကူမြို့အနီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအနီးတို့တွင် KIA နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များက စစ်တပ်စစ်ကြောင်းများကို ဆက်လက်တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင် ငါးအိုး-ရွှေကူလမ်းပိုင်း ရှိ သုံးခွဒေသနှင့် ရွှေကူမြို့အထက် ၄ လမ်းဆုံအနီးတို့၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ အထိအခိုက်နှင့် ကျဆုံးမှုများ ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားထား သည်။ ရွှေကူမြို့အနီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအနီးတိုက်ပွဲများ အတွင်း စစ်တပ်ဘက်မှ ရာနီးပါးသေဆုံးသူ ရှိနိုင်ကြောင်း ဒေသသတင်းက ခန့်မှန် ပြောဆိုထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများ အသုံးပြု၍ လေကြောင်းဗုံးကြဲတိုက်ခိုက် မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေကူမြို့အတွင်း ပြည်သူများ၏ သွားလာလှုပ်ရှားခွင့်များကို ကန့်သတ်ထားကာ မြို့တွင်း အခြေအနေများလည်း တင်းမာနေကြောင်း ဒေသခံများက ဆိုသည်။

အခြားတစ်ဖက်တွင် မန္တလေးတိုင်းမှတစ်ဆင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ဦးတည် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းများကို PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက် ခဲ့ရာ အမှတ် (၄) လေကြောင်းချီတပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် အစားထိုးတာဝန်ယူလာသည့် ဒုတပ်မဟာမှူးနှင့် ဒရုန်းတပ်ဖွဲ့ ကိုလည်း ထပ်မံတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

#ရွှေကူတိုက်ပွဲ#မဘိမ်းတိုက်ပွဲ#KIA#PDF#စစ်ကောင်စီ#လေကြောင်းတိုက်ခိုက်မှု#မြန်မာသတင်း

လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

 

ဇွန် ၁၆

The Kaladan Post

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း မေလနှောင်းပိုင်းက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း Nway Oo Guerrilla Force က ဇွန်လ ၁၂ ရက်နေ့က အသိပေးထားသည်။ မင်းရပ် ကျေးရွာမှ လောင်းလုံးမြို့သို့ ဦးတည်လာသည့် စစ်ကြောင်းနှင့် အင်းဇောက်ကျေးရွာလမ်းဆုံ၊ စစ်ပြဲ ကျေးရွာအနီးတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကြောင်းသည် ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆင်ရေးများ ပြုလုပ်စဉ် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုထားပြီး ကဒက်ကြီးကျေးရွာရှိ နေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကဒက်ကြီးကျေးရွာနှင့် လောင်းလုံးမြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားသော နေရာများတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ထပ်မံတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အမှတ် (၈၀၀၃) တပ်ရင်း၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် Guerrilla Dawei တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုများ အတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Nway Oo Guerrilla Force တာဝန်ရှိသူက ပြောကြားထားသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

#လောင်းလုံးတိုက်ပွဲ#တနင်္သာရီသတင်း#NwayOoGuerrillaForce#GuerrillaDawei#တော်လှန်ရေးသတင်း#စစ်ကောင်စီ#မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့အတွက် ရန်ကုန်တွင် နှင်းဆီလှုပ်ရှားမှု ပြုလုပ်

 

ဇွန် ၁၆

The Kaladan Post

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပမည့် “နှင်းဆီလှုပ်ရှားမှု” ကို လှုံ့ဆော်အားပေးသည့်အနေဖြင့် လုံခြုံရေးတင်းကျပ်သည့် ရန်ကုန်မြို့၌ တော်လှန်ရေးအင်အားစု များက ကြိုတင်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ဘူတာကြီး၊ ဗိုလ်ချုပ် အောင်ဆန်းဈေး၊ မဟာဗန္ဓုလပန်းခြံနှင့် အင်းလျားကန်ဘောင်တို့ကဲ့သို့ အထင်ကရနေရာများတွင် နှင်းဆီပန်းများဖြင့် ဓာတ်ပုံရိုက်ကာ လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၌ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပါဝင်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ ပါဝင်လိုသူများအနေဖြင့် နှင်းဆီပန်း သို့မဟုတ် ပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ မျှဝေခြင်းများ ပြုလုပ်နိုင်သလို အွန်လိုင်းပေါ်တွင် ပန်းဓာတ်ပုံများ မျှဝေခြင်းနှင့် မြေပြင်တွင် ပန်းကိုင်ဆောင်ကာ လှုပ်ရှားမှုများ ပြုလုပ်နိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ နှင်းဆီလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနှင့် ပြည်သူ့ရွေးချယ်ခံခေါင်းဆောင်များအား အသိအမှတ်ပြုကြောင်း ဖော်ပြသည့် သင်္ကေတလှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။

#နှင်းဆီလှုပ်ရှားမှု#ဒေါ်အောင်ဆန်းစုကြည်#RoseCampaign#နိုင်ငံရေးအကျဉ်းသားများ

တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံ ၁၄ ဦးထက်မနည်း သေဆုံး

 

ဇွန် ၁၆

The Kaladan Post

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း စစ်တပ်က အင်အား ၈၀၀ ခန့်ဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးနေစဉ် နှစ်ပတ်အတွင်း ဒေသခံ ၁၄ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောဆိုထားသည်။ သေဆုံးသူများအနက် အခြေခံပညာကျောင်းသား ၃ ဦး ပါဝင်ပြီး ဆီဆုံကုန်း၊ အင်းတဲ၊ ဆည်တောနှင့် တံတားအရှေ့ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်း စစ်ကြောင်းထိုးမှုများအတွင်း အလုပ်သမားများ၊ ကျောင်းသားများနှင့် ကျေးရွာသား များကို ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထို့အပြင် ကျေးရွာများကို မီးရှို့ခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းနှင့် အရပ်သားများအပေါ် ဖိအားပေးမှု များကြောင့် ဒေသခံများ အလွန်စိုးရိမ်ထိတ်လန့်နေကြရသည်။

လက်ရှိတွင် စစ်ကြောင်းများသည် တောင်သာမြို့နယ်အတွင်း ကျေးရွာများအနီး ဆက်လက်လှုပ်ရှားနေ သဖြင့် လူဦးရေ ၂ သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ အလားတူ အနီးဝန်းကျင် ဒေသများတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ တိုးပွားလာနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

#တောင်သာ#မန္တလေးတိုင်း#စစ်ကြောင်းထိုးမှု#ဒေသခံသေဆုံးမှု#စစ်ဘေးရှောင်များ
#လေကြောင်းတိုက်ခိုက်မှု#မြန်မာသတင်း

တောင်တွင်းကြီးတွင် စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၂ ဦးသေဆုံး

 

ဇွန် ၁၆

The Kaladan Post

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အိမ်စီးယာဉ်တစ်စီးကို ဇွန်လ ၁၅ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှု သည် ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်–ဆက်သွား လမ်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ G3 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်နှင့် MA-5 သေနတ် ၁ လက် စုစုပေါင်း လက်နက် ၃ လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါယာဉ်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လိုက်ပါလာခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ယင်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရိုးမဖိုက်တာစစ်ကြောင်း၊ သရက်ခရိုင် အမှတ်(၅)တပ်ရင်း၊ မကွေးမြို့နယ် ပကဖ၊ ပုဏ္ဏဝတီပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

#တောင်တွင်းကြီး#မကွေးတိုင်း#PDF#ပကဖ#စစ်ကောင်စီ#တော်လှန်ရေးသတင်း#မြန်မာသတင်း

ပညာရေးနှင့် ကင်းကွာနေသည့် ကလေး ၃ ထောင်နီးပါး ဖလမ်းတွင် အဆင့်သတ်မှတ်စာမေးပွဲ ဖြေဆို

 

ဇွန် ၁၆

The Kaladan Post

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ကျောင်းပညာရေးနှင့် သုံးနှစ်ကျော်ကင်းကွာနေသည့် ကလေးငယ် များ ကျောင်းပြန်လည်တက်ရောက်နိုင်ရန် အဆင့်သတ်မှတ်စာမေးပွဲ (Placement Examination) ကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃ ထောင်နီးပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ယင်း အစီအစဉ်သည် ကျောင်းပြောင်းလက်မှတ် မရရှိနိုင်တော့သည့် ကလေးများအတွက် ပညာရေးလမ်း ကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောဆိသည်။

အဆိုပါ စာမေးပွဲကို ဖလမ်းမြို့ပေါ် အ.ထ.က (၂) အပါအဝင် လုမ်ဘန်း၊ ဗားလုံ၊ ဆွောင်းဒို၊ ခေါပွါလ်၊ ဇောင်းသဲ၊ လုမ်သဲနှင့် ဝေဘူလ စသည့် စာစစ်ဌာန ၈ ခုတွင် ဇွန်လ ၁၅ ရက်မှ စတင်ကျင်းပခဲ့ပြီး ကျောင်းသားအများစု ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။ စာရင်းအရ လျှောက်ထားသူ ၃ ထောင်ကျော်ရှိသော်လည်း ပျက်ကွက်သူအချို့ရှိသဖြင့် အမှန်တကယ် ဖြေဆိုသူမှာ ၃ ထောင်နီးပါးရှိကြောင်း ဆိုသည်။

လက်ရှိတွင် G1 မှ G3 အထိ မူလတန်းအဆင့် စာမေးပွဲများ ပြီးဆုံးသွားပြီဖြစ်ကာ G4 နှင့် G5 ကို ဆက်လက်ကျင်းပနေပြီး G6 မှ G8 အထိ အတန်းများအတွက်လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

#ဖလမ်းမြို့နယ်#ချင်းပြည်နယ်#PlacementExam#ပညာရေး#ကျောင်းသားကျောင်းသူများ
#ကျောင်းပြန်တက်ရေး#မြန်မာသတင်း

ရှီကျင့်ဖျင်-မင်းအောင်လှိုင် တွေ့ဆုံမှုအပေါ် နိုင်ငံတကာနှင့် ပြည်တွင်း ဝေဖန်မှုမြင့်တက်

 

ဇွန် ၁၆

The Kaladan Post

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၁၆ ရက်တွင် ဘေဂျင်းမြို့၌ မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံ စဉ် မြန်မာနိုင်ငံကို တရုတ်၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေးတွင် ဦးစားပေးအဆင့်ထားရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုထောက်ခံမှု ပိုမိုရရှိစေရန် တရုတ်ဘက်က ဆက်လက် ကူညီပံ့ပိုးသွားမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအဆင့် ဆွေးနွေးပွဲများ ကျင်းပ ခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ စစ်ကောင်စီဘက်ကလည်း နားလည်မှုစာချွန်လွှာ  နှင့် သဘောတူညီချက် စုစုပေါင်း ၁၈ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တစ်ဖက်တွင် Justice For Myanmar က တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စု၏ အဓိက စစ်လက်နက် ထောက်ပံ့သူနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်နေဆဲဟု ဝေဖန်ထောက်ပြထားသည်။ တရုတ်အစိုးရနှင့် ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်အုပ်စုအား နိုင်ငံတကာတရားဝင်မှု ပိုမိုရရှိစေပြီး စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသူများကို အားပေးရာရောက်ကြောင်းလည်း ပြင်းထန်စွာ ရှုတ်ချထားသည်။

တရုတ်-မြန်မာဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသည့် ယခုခရီးစဉ်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လာနိုင်သည့် အလားအလာများကို ဖော်ဆောင်နေကြောင်း စစ်တပ်ဖက်က ပြောဆိုနေသော်လည်း တစ်ဖက်တွင်လည်း မြန်မာ့အရေးအပေါ် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ ဝေဖန်မှုများ ပိုမိုမြင့်တက်လာစေသည်။

#တရုတ်မြန်မာဆက်ဆံရေး#ရှီကျင့်ဖျင်#မင်းအောင်လှိုင်#တရုတ်ခရီးစဉ်#JusticeForMyanmar

ဂန့်ဂေါမြို့နယ် ရှောက်ပင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

 

ဇွန် ၁၆

The Kaladan Post

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှောက်ပင်ကျေးရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဂန့်ဂေါမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်ခံ နဂါးညီနောင်တပ်ဖွဲ့က ဇွန်လ ၈ ရက်နှင့် ဇွန်လ ၁၃ ရက်နေ့ တို့တွင် နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့က အသိပေးထားသည်။ တိုက်ခိုက်မှု များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း BA-100 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက်နှင့် MA-11 သေနတ် ၁ လက် စုစုပေါင်း လက်နက် ၅ လက်အပြင် ကျည်ဘောက် ၈ ခု၊ BA-100 ဗုံးသီး ၂ လုံးနှင့် ကျည် ၅၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်ဆင်ရေးကို ဂန့်ဂေါမြို့နယ် ပကဖ-နဂါးညီနောင်တပ်ဖွဲ့မှ ရဲဘော်များက ဦးဆောင်ဆင်နွှဲခဲ့ပြီး တိုက်ပွဲအပြီးတွင် တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နဂါးညီနောင်တပ်ဖွဲ့က ယခုစစ်ဆင်ရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်ရွယ်ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

#ဂန့်ဂေါမြို့နယ်#နဂါးညီနောင်တပ်ဖွဲ့#မကွေးတိုင်း#တော်လှန်ရေးသတင်း#ဒေါ်အောင်ဆန်းစုကြည်

တောင်တွင်းကြီး–အောင်လံအစပ်တွင် စစ်တပ်ယာဉ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၄ ဦးသေဆုံး

 

ဇွန် ၁၆

The Kaladan Post

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်နှင့် အောင်လံမြို့နယ်အစပ် ကိုးပင်–ဆတ်သွားလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သား ၄ ဦး လိုက်ပါလာသည့် ယာဉ်တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် PDF က ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး စောသန်းထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ဒဏ်ရာရရှိကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ခဲယမ်းများနှင့် အရေးကြီးစာရွက် စာတမ်းအချို့ကို သိမ်းဆည်းကာ ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ ဆောင်ရွက်နေစဉ် အောင်လံ ဘက်မှ ထပ်မံရောက်ရှိလာသည့် အောင်လံမြို့နယ်မှူး၏ ယာဉ်ကိုလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း MA-3 သေနတ် ၁ လက်၊ G-3 သေနတ် ၁ လက်၊ MA-5 သေနတ် ၁ လက်နှင့် ကျည်ဘောက်များ၊ ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်ဆင်ရေးကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ (၁၇) လက်အောက်ခံ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် တပ်ရင်း (၅)၊ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေး–တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#တောင်တွင်းကြီး#အောင်လံ#မကွေးတိုင်း#နေပြည်တော်PDF#တော်လှန်ရေးတပ်ဖွဲ့များ