ဇွန် ၁၆၊ ၂၀၂၆

The Kaladan Post

 

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၄ နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို လာမယ့် G7 ထိပ်သီးအစည်းအဝေးမှာဖြစ်စေ၊ အမေရိကန်မှာဖြစ်စေ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီကမ်းလှမ်းမှုကို ဇွန်လ ၁၅ ရက်နေ့က ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိယက်ဗ်မြို့က သမိုင်းဝင် ဘုန်းကြီးကျောင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောကြားခဲ့တာပါ။ ပြင်သစ်နိုင်ငံ၊ အီဗီယန်-လက်စ်-ဘိန်းစ်မှာ ကျင်းပမယ့် G7 အစည်းအဝေးကို ပူတင်ကိုပါ ဖိတ်ကြားဖို့ အမေရိကန်ဘက်ကလည်း သဘောတူထားတယ်လို့ ဆိုပါတယ်။

“G7 အစည်းအဝေးမှာ သမ္မတ ထရန့်ရော၊ သမ္မတ မက်ခရွန်ရော ရှိနေမှာဖြစ်လို့ ဥရောပ၊ အမေရိကန်နဲ့ ရုရှားတို့ အတူတူတွေ့ဆုံဖို့ ဒါဟာ တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပါပဲ” လို့ ဇလန်းစကီးက ပြောကြားသွားပါတယ်။ ဥရောပနဲ့ အမေရိကန်က သဘောတူပေမဲ့ ရုရှားဘက်ကတော့ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်ပြသနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သမ္မတ ဇလန်းစကီးက သမ္မတ ထရန့်နဲ့ ဖုန်းဆက်ဆွေးနွေးချိန်မှာလည်း ပူတင် ငြင်းရခက်မယ့် ပုံစံမျိုးနဲ့ အမေရိကန်မှာ တွေ့ဆုံပွဲတစ်ခု စီစဉ်ဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ “ပူတင်အနေနဲ့ သမ္မတ ထရန့်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဖို့ အလွန်ခက်ခဲမယ့် ပုံစံမျိုးနဲ့ အမေရိကန်မှာ တွေ့ဆုံဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” လို့ ဇလန်းစကီးက သူ့ရဲ့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

တစ်ဖက်မှာလည်း ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ မလိုအပ်သေးဘူးလို့ တုံ့ပြန်ထားကြောင်း သိရပါတယ်။ အကယ်၍ ပူတင်က အခုလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဖို့ကို ထပ်မံငြင်းဆိုမယ်ဆိုရင်တော့ ရုရှားအပေါ် နိုင်ငံတကာက ဖိအားတွေ ပိုပေးဖို့ လိုအပ်တယ်လို့ ဇလန်းစကီးက ပြောကြားထားပါတယ်။

လက်ရှိမှာတော့ G7 ထိပ်သီးအစည်းအဝေးဟာ တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ယူကရိန်းစစ်ပွဲကိစ္စကို အဓိကထား ဆွေးနွေးသွားကြဖို့ ရှိနေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Source: Reuters