ဇွန် ၁၆၊ ၂၀၂၆
The Kaladan Post
အခုနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ နေရာမှာ ဆက်ခံဖို့အတွက် အီကွေဒေါနိုင်ငံက ကိုယ်စားလှယ် မာရီယာ ဖာနန်ဒါ အက်စပီနိုဆာ (Maria Fernanda Espinosa) က ကုလသမဂ္ဂကို တာဝန်ယူမှုရှိရှိနဲ့ ပိုမိုကျစ်လျစ်အောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အက်စပီနိုဆာဟာ အီကွေဒေါနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အခု အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအတွက် ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ် ၆ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိ ကုလသမဂ္ဂဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ဂုဏ်သိက္ခာပိုင်းမှာလည်း ကျဆင်းနေတဲ့အတွက် ဒါကို ပြန်လည်ကုစားဖို့ သူမက ရည်မှန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သူမက “ကုလသမဂ္ဂဟာ အရေးကြီးတဲ့အချိန်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ ပျက်ကွက်နေတာမျိုး ဒါမှမဟုတ် ဘေးရောက်နေတာမျိုး ခဏခဏ ဖြစ်နေပါတယ်။ လုပ်ငန်းစဉ်တွေကလည်း အရမ်းနှေးကွေးပြီး တစစီကွဲပြားနေတဲ့အပြင် ကန့်သတ်ချက်တွေလည်း အများကြီး ရှိနေပါတယ်” လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေကို စကားနဲ့တင်မဟုတ်ဘဲ လုပ်ရပ်နဲ့ပါ သက်သေပြဖို့ လိုအပ်နေပြီလို့လည်း သိရပါတယ်။
အထူးသဖြင့် ကုလသမဂ္ဂရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့အတွက် အဖွဲ့အစည်းကြီးကို တာဝန်ယူမှုရှိရှိနဲ့ ကျစ်လျစ်အောင် (Shrink) လုပ်ဆောင်သွားရမှာဖြစ်သလို တစ်နိုင်ငံချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကိုလည်း ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ “ရှေ့မှာ အခက်အခဲတွေ အများကြီးရှိနေတယ်ဆိုတာ ကျွန်မ သိထားပေမဲ့ အကောင်းမြင်စိတ်နဲ့ပဲ ဆက်သွားမှာပါ” လို့ အက်စပီနိုဆာက သူမရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် တင်ပြတဲ့ ကြားနာပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂဟာ ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်နေသေးပေမဲ့ အခုလို ပြုပြင်ပြောင်းလဲမှုတွေလုပ်မှသာ အနာဂတ်မှာ ပိုမိုထိရောက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာဖြစ်တယ်လို့ သူမက အလေးအနက် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။
Source: Reuters (David Brunnstrom)