KNU နယ်မြေတွင် စစ်မှုထမ်းတပ်သား လက်နက်နှင့်အတူ အလင်းဝင်

ဇွန် ၂၉
The Kaladan Post
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှ အသက် ၂၃ နှစ်အရွယ် စစ်မှုထမ်းတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ KNDO တပ်ရင်း (၃) ထံ အလင်းဝင် ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာသူသည် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူဖြစ်ပြီး MA-1 သေနတ်၊ ကျည်ဆံ များနှင့် လက်ပစ်ဗုံးများ ယူဆောင်လာသည့်အတွက် ဆုငွေကျပ် ၁၀ သိန်း ချီးမြှင့်ခံခဲ့ရကြောင်း သိရပါတယ်။
KNU ဗဟိုက အာဏာသိမ်းစစ်တပ်အတွင်း အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခံနေရသူများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင် ရောက်ကြရန် တိုက်တွန်းထားပါတယ်။
တစ်ဖက်တွင်းလည်း မကွေးတိုင်း ရေစကြိုမြို့နယ် ပေကုန်းကျေးရွာအနီးတွင် PDF ယူနီဖောင်းများ ဝတ်ဆင်ကာ အယောင်ဆောင် စစ်ဆေးငွေတောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
တိုက်ခိုက်ခံရသည့် စစ်သားများသည် ရေစကြိုမြို့မှ ထွက်လာသော စစ်ကြောင်းအဖွဲ့ဝင်များဖြစ်ပြီး ပေကုန်းရွာအနီး ပေလမ်းပေါ်တွင် PDF အယောင်ဆောင်၍ လမ်းသွားလမ်းလာများကို စစ်ဆေးကာ ငွေကြေးတောင်းခံနေစဉ် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၉) မှ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
#ရေစကြို#PDFအယောင်ဆောင်#စစ်ကောင်စီ#KNU#အလင်းဝင်ရောက်မှု


မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှင်းပန်းနှိပ်စက်ခံနေရဟု PPNM ပြော

ဇွန် ၂၉
The Kaladan Post
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ခြိမ်းခြောက်မှု၊ ရိုက်နှက်ညှင်းပန်းမှုနှင့် တိုက်ပိတ်အရေးယူမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) ကပြောဆိုထားပါတယ်။
ထောင်ပိုင်နှင့် တာဝန်ရှိသူများက နိုင်ငံရေးအကျဉ်းသားများကို “သွေးမထွက်သည့်နည်းဖြင့် သတ်ပစ်နိုင် သည်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အကျဉ်းသားအချို့ကို ခေါင်းစွပ်စွပ်၍ ချုပ်နှောင်ကာ ဆေးရုံတိုက်ဆောင်နှင့် ပြစ်ဒဏ်တိုက်များတွင် တိုက်ပိတ်ထားခဲ့ကြောင်း ပြောဆိုထားပါတယ်။
မေလနှင့် ဇွန်လအတွင်း နိုင်ငံရေးအကျဉ်းသားအများအပြားသည် ရိုက်နှက်ခံရခြင်း၊ ခြေချင်းဒေါက်ခတ် ခံရခြင်းနှင့် လူမဆန်သော အခြေအနေများတွင် ထိန်းသိမ်းခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရပါတယ်။
တိုက်ပိတ်ခံထားရသူများသည် အခင်းမပါသော သံမံတလင်းပေါ်တွင် နေထိုင်နေရပြီး အစားအသောက် နှင့် သောက်သုံးရေကိုလည်း အကန့်အသတ်ဖြင့်သာ ရရှိနေကြောင်း ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ခေါဂေထန်းဟာ အစာငတ်ခံဆန္ဒပြခဲ့သည့်နောက် တီဘီရောဂါ ဝေဒနာရှင်များနှင့်အတူ ချုပ်နှောင် ထားရှိခံရပြီး ညှင်းပန်းနှိပ်စက်မှုများ ဆက်လက်ကြုံတွေ့နေရ ကြောင်း သိရပါတယ်။
မကွေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်သည် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေကြောင်း သတိပေးထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာအသိုက်အဝန်း သိရှိစေရန် ဆက်လက်မှတ်တမ်းတင်သွားမည်ဟု PPNM က ပြောဆိုထားပါတယ်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအပေါ် ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတစ်ဆင့် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားပါတယ်။

#မကွေးအကျဉ်းထောင်#နိုင်ငံရေးအကျဉ်းသားများ#လူ့အခွင့်အရေးချိုးဖောက်မှု#PPNM
#MyanmarPoliticalPrisoners

စစ်တပ် ရိက္ခာတင်သွင်းသူ ဖမ်းဆီးခံရပြီးနောက် သိန်း ၅၀၀၀ ဖြင့် ရွေးယူရန် အကြောင်းကြားမှုရှိ

ဇွန် ၂၉
The Kaladan Post
မန္တလေး-နေပြည်တော် အမြန်လမ်းပေါ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ထောက်ပို့ တပ်ရင်း (၁၂၁) အတွက် ရိက္ခာဆန်တင်သွင်းပေးနေသူ အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦး ဖမ်းဆီးခံထား ရကြောင်း သတင်းရင်းမြစ်က ပြောဆိုထားသည်။
အငြိမ်းစားဗိုလ်ကြီး သိန်းဇော်ဦးသည် ဇွန်လ ၁၇ ရက်နေ့တွင် မန္တလေးမှ ထွက်ခွာလာစဉ် မန္တလေး-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ အနီး၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
၎င်းသည် မန္တလေးတိုင်း စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ လက်အောက်ရှိ ချမ်းမြသာစည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်း (၁၂၁) အတွက် ရိက္ခာ ဆန်ကိစ္စများ ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း ၎င်းကိုယ်တိုင် ပြောဆိုထားပါတယ်။
ဖမ်းဆီးခံရပြီးနောက် ဇနီးဖြစ်သူထံ ဗီဒီယိုမှတ်တမ်းတစ်ခု ရောက်ရှိလာခဲ့ကာ သိန်း ၅၀၀၀ ဖြင့် ရွေးယူရန် အကြောင်းကြားမှုများလည်း ရရှိထားကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
လက်ရှိအချိန်အထိ ၎င်းကို မည်သည့်အဖွဲ့က ဖမ်းဆီးထားကြောင်းနှင့် မည်သည့်နေရာတွင် ထိန်းသိမ်း ထားကြောင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

#မန္တလေးနေပြည်တော်အမြန်လမ်း#သိန်းဇော်ဦး#စစ်ထောက်ပို့#စစ်မှုထမ်းဟောင်း#မြန်မာသတင်း

 


မိုးဗြဲအနီး စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုက ချေမှုန်း

ဇွန် ၂၉
The Kaladan Post
ကရင်နီပြည်နယ် မိုးဗြဲမြို့အနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် ပူးပေါင်းချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်သုံ့ပန်းတစ်ဦးကို အရှင်ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်ပေါင်းစုတာဝန်ရှိသူများက ပြောဆိုထားပါတယ်။
တစ်ချိန်တည်းမှာပင် လွိုင်ကော်-မိုးဗြဲကြားရှိ စစ်ကောင်စီကာကင်းစခန်းများကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းနှစ်ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြောဆိုထားပါတယ်။
အဆိုပါကာကင်းစခန်းများမှာ နန်းမယ်ခုံဒေသဘက်သို့ ထိုးစစ်ဆင်နိုင်ရေးအတွက် စစ်ကောင်စီက စုဖွဲ့ထားသည့် အခြေစိုက်နေရာများဖြစ်ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီးများနှင့် ကာမီကာဇေဒရုန်းများ အသုံးပြု၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
တိုက်ပွဲ့အတွင်း ကရင်နီတပ်ပေါင်းစုဘက်မှလည်း တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။

#မိုးဗြဲတိုက်ပွဲ#ကရင်နီJOC#လွိုင်ကော်စစ်ရေး#ကရင်နီတပ်ပေါင်းစု#MyanmarConflictUpdates

အသေခံဒရုန်များကို စစ်တပ်က ဝါးလုံးနှင့် ပိုက်ကွန်အသုံးပြုပြီး ဖမ်းဆီးရန်ပြင်ဆင်

ဇွန် ၂၉
The Kaladan Post
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းရန်ကာကွယ်ရန် ဝါးလုံးနှင့် ပိုက်ကွန်များကိုင်ဆောင်ကာ စောင့်ကြပ် နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လာပါတယ်။ ၎င်းရုပ်သံကို ပြည်သူ့စစ်သင်တန်းဆင်း စစ်သားတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်အကောင့်မှ တင်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ဖျက်သိမ်းခဲ့ ပါတယ်။
အဆိုပါရုပ်သံသည် ဇွန်လ ၂၃ ရက်နေ့က မကွေးတိုင်း မြိုင်မြို့နယ် တွင်းမကျေးရွာသို့ ရိက္ခာ၊ လက်နက် ခဲယမ်းနှင့် စစ်ကူ ပို့ဆောင်လာသည့် စစ်တပ်၏ Mi-17 ရဟတ်ယာဉ် FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခံရ ပြီးပျက်စီးခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဦးစီးတပ်ကြပ်ကြီး အောင်တင်ဖြိုး သေဆုံးကာ စစ်သားအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်၏ အပိုင်းအစများကို စစ်တပ်က ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ကုန်းကြောင်းဖြင့် ပြန်လည်သယ်ယူခဲ့ကြောင်း သိရပါတယ်။
ယင်းသယ်ယူမှုအတွင်း Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များက လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။ လူမှုကွန်ရက်အသုံးပြုသူများက စစ်ကောင်စီ၏ ယင်းကဲ့သို့ လုပ်ဆောင်မှုအပေါ် ဝေဖန်ပြောဆိုမှုများနှင့် လှောင်ပြောင်မှုများလည်း ထွက်ပေါ်နေပါတယ်။

#မြိုင်မြို့နယ်#ဒရုန်းစစ်ဆင်ရေး#စစ်ကောင်စီ#ရဟတ်ယာဉ်လုံခြုံရေး#MyanmarNewsUpdate

 


တွန်းဇံမြို့နယ်တွင် ကျောင်း ၄၄ ကျောင်းဖွင့်လှစ်ပြီး ၃,၄၄၆ ဦး ပညာသင်ကြားဟု စစ်တပ် ပြောဆို

ဇွန် ၂၉
The Kaladan Post
တွန်းဇံမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူ ၃,၄၄၆ ဦး ပညာသင်ကြားနေကြောင်း ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင်း စစ်တပ်သတင်းက ထုတ်ပြန် ပြောဆိုလာပါတယ်။
စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇွန်လ ၂၇ ရက်နေ့တွင် တွန်းဇံမြို့ ရှိ စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှုကာ တွန်းဇံမြို့ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ဝန်ထမ်း ၃၆ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၆၁ ဦးကို သင်ကြားပေးလျက် ရှိကြောင်း ပြောဆို ထားပါတယ်။
တွန်းဇံမြို့ဟာ ချင်းပြည် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် မေ ၂၃ ရက်နေ့တွင် အပြီး သတ်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ကို ဖမ်းဆီးထားသလို ယင်းတို့အနက် ၁၅ ဦးခန့်မှာ ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
သို့သော် စစ်တပ်က ဖလမ်းမြို့ကိုသိမ်းပိုက်ပြီးနောက် ဖလမ်းမြို့တွင် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ကာ စစ်ကြောင်းများခွဲ၍ ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်မှစတင်ကာ တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက် နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ပြီးနောာက် ချင်းပြည်တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ မေ ၂၀ ရက်နေ့က ယာယီဆုတ်ခွါပြီး စစ်တပ်က တွန်းဇံမြို့အား အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်သည် ယခင်က လက်လွတ်ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသလို၊ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင်လည်း အုပ်ချုပ်ရေးယန္တရားများ ပြန်လည်အသက်ဝင်လာစေရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။
#တွန်းဇံမြို့နယ်#ပညာရေးကဏ္ဍ#ကျောင်း၄၄ကျောင်း#ချင်းပြည်နယ်သတင်း#ဒေသဖွံ့ဖြိုးတိုးတက်ရေး