ဩဂုတ် ၂၁၊ ၂၀၂၆
The Kaladan Post
တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် မြန်မာနိုင်ငံရေး သုတေသီနှင့် အမေရိကန်နိုင်ငံသား ဒေါက်တာမင်းဇင် ကို “မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ” အဖြစ် သတ်မှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီးယိုး (Marco Rubio) က အခြေအနေများကို အသေးစိတ် စိစစ်ပြီးနောက် “မင်းဇင်ဟာ တရုတ်နိုင်ငံမှာ မတရား ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်” ဟု အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ယခု သတ်မှတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်သမ္မတ ရှီကျင့်ဖိန် ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံရန် သီတင်းပတ်အနည်းငယ် အလိုတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
ဒေါက်တာမင်းဇင် သည် ဇွန်လ ၃ ရက်နေ့က တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ကွန်းမင်းမြို့ရှိ စာတမ်းဖတ်ပွဲသို့ သွားရောက်စဉ် ယူနန်ပြည်နယ် လေဆိပ်အတွင်း၌ ဖမ်းဆီးခံခဲ့ရပြီး ၁၁ သီတင်းပတ်ခန့် ချုပ်နှောင် စစ်ဆေးခံခဲ့ရပါတယ်။ ၎င်းသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး စာဗေကေလီ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဘွဲ့ရရှိထားသလို စတိုရာတီဂျီနှင့် မူဝါဒလေ့လာရေး အင်စတီကျူး (ISP-Myanmar) ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
တရုတ်ဘက်ကမူ ဒေါက်တာမင်းဇင် အား သူလျှိုလုပ်မှုနှင့် အမျိုးသားလုံခြုံရေး ထိခိုက်စေမှုတို့ဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ဆိုပါတယ်။ အမေရိကန် အရာရှိတစ်ဦးကမူ “မိနစ်ပိုင်းအတွင်းမှာပဲ သူနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး ၄၈ နာရီကြာအောင် သူ့ရဲ့ မိသားစုနဲ့ ချစ်ခင်ရသူတွေဟာ သေလားရှင်လား၊ ဘယ်သူဖမ်းသွားမှန်း မသိခဲ့ကြပါဘူး” ဟု ပြောကြားခဲ့ပါတယ်။
Source – Reuters