မတ် ၇

The Kaladan Post

အီရန်နှင့် ဆက်နွယ်သော စစ်ရေးတင်းမာမှုများ မြင့်တက်လာနေသည့်အခြေအနေကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန် သံရုံးကို ယာယီပိတ်ထားလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။

မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ လက်ရှိ ဖြစ်ပွားနေသော အီရန်စစ်ပွဲအခြေအနေကြောင့် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လာသည့်အတွက် သံရုံးကို ယာယီပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် လက်ရှိအချိန်အထိ ကူဝိတ်ရှိ အမေရိကန် သံရုံးဝန်ထမ်းများ ထိခိုက်သေဆုံးမှု မရှိသေးကြောင်း ပြောကြားထားသည်။ သို့သော် ပြည်ပရောက် အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးသည် အမေရိကန်အစိုးရ၏ အမြဲတမ်း ဦးစားပေးကိစ္စဖြစ်သည့်အတွက် ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ပွဲအစောပိုင်းကာလတွင် အီရန်ဘက်မှ ပစ်လွှတ်ခဲ့သည့် ဒရုန်းတစ်စီးသည် ကူဝိတ်ရှိ ဆိပ်ကမ်းတစ်ခုအနီးတွင် တည်ရှိသော အမေရိကန် စစ်စခန်းကို ထိမှန်ခဲ့ပြီး အမေရိကန် စစ်သည် ၆ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ် သည်လည်း သံရုံးပိတ်ရန် ဆုံးဖြတ်ချက်နှင့် ဆက်နွှယ်နေဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုများကို ခံရပြီးနောက် အီရန်ဘက်မှလည်း ကူဝိတ်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများအတွင်းရှိ အမေရိကန် စစ်ရေးပစ်မှတ်များကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကူဝိတ်မြို့တော် Kuwait City အနီးရှိ အမေရိကန် သံရုံးတည်ရှိရာဒေသအနီးတွင် ယခုသီတင်းပတ်အစောပိုင်းက မီးခိုးများ အူထွက်နေသည့်အခြေအနေများကိုလည်း တွေ့မြင်ခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကူဝိတ်တွင် နေထိုင်နေသည့် အမေရိကန်နိုင်ငံသားများအားလည်း အမြန်ဆုံး နိုင်ငံမှ ထွက်ခွာကြရန် တိုက်တွန်းထားသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းဒေသအတွင်း ပိတ်မိနေသည့် အမေရိကန်နိုင်ငံသားများကို ပြန်လည်ရွှေ့ပြောင်းနိုင်ရေးအတွက် အမေရိကန်အစိုးရသည် အရင်းအမြစ်များ ပိုမိုအသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ကတိပြုထားသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ကာရိုလိုင်း လီယာဗစ် (Karoline Leavitt) က မတ်လ ၄ ရက်နေ့တွင် ပြောကြားရာတွင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နိုင်ငံသားများကို နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် လေယာဉ်များကို အမြန်ဆုံး စီစဉ်ငှားရမ်းနေကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) ကိုယ်တိုင်ကလည်း ဒေသတွင်းနိုင်ငံခေါင်းဆောင်များထံ ဆက်သွယ်၍ အမေရိကန်နိုင်ငံသားများ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ပူးပေါင်းကူညီပေးရန် တောင်းဆိုထားကြောင်း လီယာဗစ်က ထပ်မံပြောကြားခဲ့သည်။

Source — Politico
Photo — Reuters