ဩဂုတ် ၈၊ ၂၀၂၆

The Kaladan Post

တက္ကဆက်ပြည်နယ်ရှိ Stargate ဒေတာစင်တာ စမတ်နယ်မြေ၏ လျှပ်စစ်အခြေခံအဆောက်အအုံ တည်ဆောက်သူ Lancium တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ အင်ဗီးဒီးယား (Nvidia) ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း The Information သတင်းဝဘ်ဆိုက်က သောကြာနေ့ (ဩဂုတ်လ ၇ ရက်) တွင် ဖော်ပြလိုက်ပါတယ်။

နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Nvidia သည် အစောပိုင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်ကာ Lancium ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းခန့်ကို ရယူမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်မှု အပါအဝင် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ ထပ်မံ ထည့်ဝင်သွားမည် ဖြစ်ပါတယ်။ ယခု သဘောတူညီချက်အရ Lancium ၏ လုပ်ငန်းတန်ဖိုးမှာ ဒေါ်လာ ၁၀ ဘီလီယံခန့် ရှိလာမည် ဖြစ်ပါတယ်။

ယခု ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၇ ခုနှစ်တွင် စတော့ရှယ်ယာ ထုတ်ရောင်းရန် စီစဉ်နေသည့် Lancium ၏ လုပ်ငန်းတိုးချဲ့မှုများကို အထောက်အကူပြုမည် ဖြစ်ပါတယ်။ Stargate ဒေတာစင်တာ စီမံကိန်းသည် SoftBank၊ OpenAI နှင့် Oracle တို့ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံများအတွက် ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြှုပ်နှံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလတွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Source – Reuters