ဇွန် ၂၆၊ ၂၀၂၆

The Kaladan Post

 

နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ (Zohran Mamdani) ဟာ သူရာထူးစတင်ရယူပြီး လအနည်းငယ်အကြာမှာပဲ မြို့သူမြို့သားတွေအတွက် ပေးထားခဲ့တဲ့ အဓိကရွေးကောက်ပွဲကတိတစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ နယူးယောက်မြို့ အိမ်ရာကြီးကြပ်ရေးဘုတ်အဖွဲ့ဟာ ဥပဒေနဲ့အညီ ထိန်းချုပ်ထားတဲ့ တိုက်ခန်းပေါင်း တစ်သန်းခန့်အတွက် အိမ်လခ တိုးမြှင့်ကောက်ခံခွင့်ကို နှစ်နှစ်အထိ ဆိုင်းငံ့ (Rent Freeze) ထားဖို့ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ရဲ့ လူဦးရေ လေးပုံတစ်ပုံခန့် နေထိုင်ကြတဲ့ အဆိုပါ တိုက်ခန်းတွေရဲ့ အိမ်လခကို အိမ်ရှင်တွေက ဘယ်လောက်အထိ တိုးမြှင့်ကောက်ခံခွင့်ရှိမလဲဆိုတာကို ဒီဘုတ်အဖွဲ့က နှစ်စဉ်ဆုံးဖြတ်ပေးရတာပါ။ ဝင်ငွေ၊ ငွေကြေးဖောင်းပွမှု၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ အခွန်အခနဲ့ အိမ်ရှင်တွေရဲ့ ဝင်ငွေအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးနောက်၊ လာမယ့် အောက်တိုဘာလကစလို့ တစ်နှစ်စာနဲ့ နှစ်နှစ်စာ အိမ်ငှားစာချုပ်တွေအတွက် အိမ်လခကို “သုည” ရာခိုင်နှုန်း (လုံးဝတိုးခွင့်မရှိ) အဖြစ် ဘုတ်အဖွဲ့က (၇) မဲ (၁) မဲနဲ့ အတည်ပြုပေးခဲ့ပါတယ်။ ဒီရလဒ်ထွက်ပေါ်လာချိန်မှာ မက်ဟန်တန် ပြတိုက်ခန်းမထဲမှာ စုရုံးနေကြတဲ့ အိမ်ငှားရာပေါင်းများစွာက လက်ခုပ်တီး အောင်ပွဲခံခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြို့တော်ဝန် မမ်ဒါနီ က “ဒါဟာ နယူးယောက်မြို့က အိမ်ငှားတွေအတွက် သမိုင်းဝင် အောင်ပွဲတစ်ခုပါပဲ။ ဒါဟာ ကျွန်တော်တို့မြို့က အလုပ်သမားလူတန်းစားတွေ ထိုက်တန်စွာ ရရှိသင့်တဲ့ သက်သာခွင့်တစ်ခုလည်း ဖြစ်ပါတယ်။” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် လေ့လာမှုများအရ အဆိုပါ ထိန်းချုပ်ထားတဲ့ တိုက်ခန်းတွေရဲ့ ပျမ်းမျှအိမ်လခဟာ တစ်လကို ဒေါ်လာ ၁,၅၉၉ ရှိပေမယ့်၊ StreetEasy အေဂျင်စီရဲ့ အဆိုအရ နယူးယောက်မြို့မှာ အသစ်ငှားရမ်းတဲ့ တိုက်ခန်းတွေရဲ့ ပျမ်းမျှအိမ်လခဟာ ဒေါ်လာ ၃,၉၅၀ အထိ ရှိနေတယ်လို့ သိရပါတယ်။

မြို့သူမြို့သားတွေအတွက် သက်သာချောင်ချိတဲ့ နေထိုင်မှုဘဝ ဖန်တီးပေးမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ် မြို့တော်ဝန် မမ်ဒါနီ ဟာ ဇန်နဝါရီလမှာ ရာထူးစတင်ရယူကတည်းက အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ အိမ်ရာဘုတ်အဖွဲ့မှာ အိမ်ငှားတွေဘက်က ရပ်တည်ပေးမယ့်သူ ၆ ဦးကို ခန့်အပ်ခဲ့ပါတယ်။

ဒါပေမဲ့ မဲမခွဲခင် နာရီပိုင်းအလိုမှာပဲ အိမ်ရှင်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ခရစ္စတီးနား စမစ်သ် (Christina Smyth) က ဘက်မလိုက်ရဘူးဆိုတဲ့ ဥပဒေကို မလိုက်နာဘူးလို့ စွပ်စွဲပြီး နုတ်ထွက်သွားခဲ့ပါတယ်။ သူမက “ဒီပြန်လည်ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ဟာ အိမ်လခဆိုင်းငံ့ရေးကို မဖြစ်မနေ လုပ်ဆောင်ရမယ့် အနေအထားပါ။ အဲဒီနောက်ပိုင်း လုပ်ရပ်တွေအားလုံးက ပြဇာတ်တစ်ခုလိုပါပဲ။” လို့ မြို့တော်ဝန်ကို ဝေဖန်ခဲ့ပါတယ်။ သို့သော်လည်း မမ်ဒါနီ ခန့်အပ်ထားတဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ချန်တယ်လာ မစ်ချယ် (Chantella Mitchell) ကတော့ အဖွဲ့ဝင်တွေအနေနဲ့ လွတ်လပ်ပြီး ဖြောင့်မတ်မှန်ကန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အိမ်ရှင်အဖွဲ့အစည်းတွေကတော့ အိမ်လခ မတိုးရဘူးဆိုရင် အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲလာမှာဖြစ်ပြီး အချို့ဆိုရင် ဘဏ်ချေးငွေတွေတောင် ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးလို့ ငြင်းခုံခဲ့ကြပါတယ်။ ဒါ့အပြင် အချို့အိမ်ရှင်တွေက ဒီလို ထိန်းချုပ်ခံထားရတဲ့ တိုက်ခန်းတွေကနေ နစ်နာသွားတဲ့ ဝင်ငွေတွေကို ကာမိအောင်လို့ ထိန်းချုပ်မထားတဲ့ အခြားတိုက်ခန်းတွေရဲ့ အိမ်လခတွေကို မဖြစ်မနေ တိုးမြှင့်ကောက်ခံရတော့မယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအောင်ပွဲဟာ မြို့တော်ဝန် မမ်ဒါနီ အတွက်တော့ နိုင်ငံရေးအရ အလွန်အောင်မြင်တဲ့ သီတင်းပတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူထောက်ခံထားတဲ့ လက်ဝဲယိမ်း လွှတ်တော်အမတ်လောင်း ၃ ဦးစလုံးလည်း ဒီမိုကရက်တစ်ပါတီတွင်း ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် သူ့ရဲ့ နိုင်ငံရေးသြဇာဟာ နယူးယောက်မှာ ပိုမိုခိုင်မာလာပြီ ဖြစ်ပါတယ်။

သတင်း Source: Reuters