ဩဂုတ် ၂၂၊ ၂၀၂၆

The Kaladan Post

နိုင်ငံအစဉ် ၇၅ နိုင်ငံမှ လျှောက်ထားသူများအား ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာ ထုတ်ပေးမှု ပိတ်ပင်သည့် ထရမ့်အစိုးရ၏ မူဝါဒသည် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီးယိုး (Marco Rubio) ၏ ဥပဒေကြောင်းအရ အာဏာထက် ကျော်လွန်နေသဖြင့် အမေရိကန် ဖက်ဒရယ် တရားသူကြီးတစ်ဦးက သောကြာနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပယ်ဖျက်လိုက်ပါတယ်။

မန်ဟက်တန်ရှိ ဖက်ဒရယ် တရားသူကြီး ဂျီးနက်တ် ဗားဂတ်စ် (Jeannette Vargas) က အဆိုပါ မူဝါဒသည် “သိသာထင်ရှားစွာ တရားမဝင်” (patently unlawful) ဖြစ်ပြီး ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းက “လျှောက်ထားသူရဲ့ နိုင်ငံသားဖြစ်မှုပေါ် မူတည်ပြီး ပြောင်းရွှေ့ဗီဇာ ထုတ်ပေးမှုကို အတိအလင်း ပိတ်ပင်တဲ့ ဒီမူဝါဒဟာ ဥပဒေ မူဘောင်ကို တိုက်ရိုက် ပယ်ဖျက်ရာ ရောက်ပါတယ်” ဟု ရေးသားခဲ့ပါတယ်။

ဇန်နဝါရီလက စတင်ခဲ့သည့် ယခု ပိတ်ပင်မှုတွင် ဘရာဇီး၊ ကိုလံဘီယာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘော့စနီးယားနှင့် အယ်လ်ဘေးနီးယား အပါအဝင် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကာရစ်ဘီယံ ဒေသတွင်း နိုင်ငံ ၇၅ နိုင်ငံ ပါဝင်ခဲ့ပါတယ်။ အဆိုပါ နိုင်ငံများမှ ဗီဇာ လျှောက်ထားသူများသည် အမေရိကန် အစိုးရ၏ အကူအညီများကို မှီခိုနိုင်ခြေ မြင့်မားသည်ဟုဆိုကာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာထုတ်ပေးမှု ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခု အမှုအား ကက်သလစ် ဥပဒေကြောင်းဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ ကွန်ရက်၊ အာဖရိက အသိုင်းအဝိုင်းများ ပူးပေါင်းအဖွဲ့နှင့် ဗီဇာ လျှောက်ထားသူများ၏ မိသားစုဝင်များက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။ သမ္မတ ထရမ့်၏ တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ချက်များသည် ပြည်သူ့ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဥပဒေကြောင်းအရ ရပိုင်ခွင့်များကို ချိုးဖောက်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက စွပ်စွဲထားကြပါတယ်။

Source – Reuters