ဩဂုတ် ၂၂၊ ၂၀၂၆

The Kaladan Post

ဆစ်ဒနီမြို့ ဘွန်ဒိုင်းကမ်းခြေ (Bondi Beach) တွင် လူ ၁၅ ဦး သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစိုးရ၏ သေနတ်များ ပြန်လည် ဝယ်ယူရေး အစီအစဉ်တွင် ဩစတြေးလျ မြို့တော်နယ်မြေ (ACT) ပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ် က စနေနေ့ (ဩဂုတ်လ ၂၂ ရက်) တွင် ပြောကြားလိုက်ပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အစိုးရက သေနတ် ပြန်လည်ဝယ်ယူရေး၊ လိုင်စင်စစ်ဆေးမှု တင်းကြပ်ရေးဆိုင်ရာ ဥပဒေများကို ဇန်နဝါရီလတွင် အတည်ပြုခဲ့ပြီး နယူးဆောက်သ်ဝေးလ် ပြည်နယ်၌ နိုဝင်ဘာ ၂ ရက်တွင် အစီအစဉ် စတင်မည် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က “ဩစတြေးလျ ပြည်သူတွေကို ပိုမို ကာကွယ်ပေးနိုင်ဖို့အတွက် လမ်းမတွေပေါ်က သေနတ်တွေကို သိမ်းဆည်းရာမှာ ပါဝင်ကူညီပေးခဲ့တဲ့ ACT အစိုးရကို ကျေးဇူးတင်ပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။ ခန်းဘားရားမြို့တည်ရှိရာ ACT နယ်မြေတွင် သေနတ် ပေါင်း ၂၃,၀၀၀ နှင့် လိုင်စင်ကိုင်ဆောင်သူ ၇,၀၀၀ ကျော် ရှိပြီး ယခု အစီအစဉ်သည် ၁၉၉၆ ခုနှစ်နောက်ပိုင်း ဩစတြေးလျ၏ အကြီးမားဆုံး သေနတ် ပြန်လည်ဝယ်ယူမှု ဖြစ်လာမည် ဖြစ်ပါတယ်။

Source – Reuters