ဇူလိုင် ၂၃၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် လက်ရှိတွင် ရွေးတုသမ္မတအဖြစ် တာဝန်ယူထားသည့် မင်းအောင်လှိုင်သည် လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပါသည်။ ဤခရီးစဉ်သည် စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် တရားဝင်မှုကို ရရှိရန် နောက်ဆုံးကြိုးပမ်းမှု တစ်ခုလည်း ဖြစ်ပါသည်။
ခရီးစဉ်အတွင်း မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် အာနုတင် ချာန်ဗီရပ်ကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မြန်မာ့အရေးနှင့် ပတ်သက်ပြီး “ကျွန်တော့်အနေနဲ့ မျှော်လင့်ချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ကျဖို့လည်း လိုအပ်တဲ့အတွက် ရှေ့ဆက်ပြီးတော့ပဲ လုပ်ဆောင်သွားကြရအောင်ပါ” ဟု မှတ်ချက်ပေးခဲ့ပါသည်။ ဤခရီးစဉ်သည် ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့၏ အလွတ်သဘော တွေ့ဆုံမှုအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်တပ်က စီစဉ်ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်မှ ၎င်းအား ရွေးတုသမ္မတအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း အဆိုပါ ရွေးကောက်ပွဲကို လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်နိုင်ငံ အစိုးရများက “အတုအယောင်” ရွေးကောက်ပွဲအဖြစ် သတ်မှတ်ကာ ပယ်ချထားကြပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများနှင့်အတူ ပြည်တွင်းစစ်ဒဏ်ကို အပြင်းအထန် ခံစားနေရဆဲ ဖြစ်ပါသည်။
လက်ရှိတွင် မြန်မာစစ်ခေါင်းဆောင်သည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းနေပြီး အာဆီယံအဖွဲ့အတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ပြန်လည်ရရှိရန် မျှော်လင့်နေပါသည်။ အခု ထိုင်းနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ခန့်မှန်းထားကြပါသည်။
သတင်းရင်းမြစ် – Reuters / AFP