ဇူလိုင် ၃၁၊ ၂၀၂၆

The Kaladan Post

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ဟာ ဂါဇာဒေသက ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကို အပြီးတိုင် လက်နက်ဖြုတ်သိမ်းဖို့နဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဂါဇာကနေ ပြန်လည်ရုပ်သိမ်းဖို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ သမ္မတထရန့်က အခု သဘောတူညီချက်ဟာ “သမိုင်းဝင်” ဖြစ်ရပ်တစ်ခုဖြစ်ပြီး အဆင့်ဆင့် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း၊ အစ္စရေးတပ်တွေဟာ လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်တွေနဲ့အတူ ဂါဇာနယ်မြေကနေ တဖြည်းဖြည်း ပြန်လည်ထွက်ခွာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဘုတ်အဖွဲ့ကို သမ္မတထရန့်က ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စတင်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂါဇာတင်မကဘဲ ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခတွေကိုပါ ကိုင်တွယ်ဖြေရှင်းဖို့အတွက် လုပ်ပိုင်ခွင့်တွေကို တိုးချဲ့ခဲ့ပြီး ထရန့်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာပါ။ အခုလုပ်ဆောင်ချက်ဟာ ပုံမှန်အားဖြင့် ကုလသမဂ္ဂက လုပ်ဆောင်ရမယ့် အခန်းကဏ္ဍမျိုး ဖြစ်နေပါတယ်။ အဆိုပါ ဘုတ်အဖွဲ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ ထရန့်ရဲ့ သားမက်ဖြစ်သူ ဂျာရက်ကုရှ်နာ တို့က အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ပါဝင်နေကြပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အစ္စရေး၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ကာတာ၊ တူရကီ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ပါကစ္စတန်တို့ အပါအဝင် နိုင်ငံပေါင်း ၂ ဒါဇင်ကျော်ဟာ အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် ပါဝင်နေကြပါတယ်။ ဒါပေမဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂ (EU) တို့လို အနောက်အုပ်စု နိုင်ငံကြီးတွေကတော့ ဒီဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ငြင်းဆိုထားကြပါတယ်။ အလားတူပဲ ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့လို နိုင်ငံတွေကလည်း ပါလက်စတိုင်း ကိုယ်စားလှယ် မပါဝင်တာကြောင့် ဒီအဖွဲ့မှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာသုံးနိုင်တဲ့ တရုတ်နဲ့ ရုရှားတို့ကလည်း ဒီဘုတ်အဖွဲ့ကို အသိအမှတ်မပြုဘဲ ရှိနေကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သမ္မတထရန့်ရဲ့ ဒီဘုတ်အဖွဲ့ဟာ နိုင်ငံခြားနယ်မြေတစ်ခုကို စီမံခန့်ခွဲဖို့ ကြိုးစားနေတာဖြစ်လို့ “နယ်ချဲ့ဝါဒ” ပုံစံမျိုး ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ဂါဇာကို စီမံခန့်ခွဲမယ့်အဖွဲ့မှာ ပါလက်စတိုင်း ကိုယ်စားလှယ် တစ်ဦးမှ မပါဝင်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ နာမည်ပျက်ရှိတဲ့ နိုင်ငံအချို့ ပါဝင်နေတာတွေကို ထောက်ပြနေကြတာပါ။ ဒါ့အပြင် အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာ ၇၀ ဘီလီယံလောက်အထိ လိုအပ်နေချိန်မှာ ထရန့်ရဲ့ ဘုတ်အဖွဲ့က လက်ရှိမှာ ဒေါ်လာ ၇ ဘီလီယံလောက်ပဲ စုဆောင်းနိုင်သေးတာကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဘုတ်အဖွဲ့ကို ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ယာယီအုပ်ချုပ်ရေးအဖွဲ့အဖြစ် ၂၀၂၇ ခုနှစ်အထိ အသိအမှတ်ပြုထားကြောင်း သိရပါတယ်။

သတင်းရင်းမြစ် – Reuters

#BoardOfPeace #DonaldTrump #GazaPeaceDeal #Hamas #Israel #MiddleEast #InternationalRelations #UnitedNations