ဩဂုတ် ၁၃၊ ၂၀၂၆
The Kaladan Post
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းသည် သံအမတ်ကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် သံရုံးနေအိမ်မှ ထွက်ပေးရန် ငြင်းဆန်ခဲ့သဖြင့် ပိုင်နက်ကျူးလွန်မှု စွပ်စွဲချက်ဖြင့် လန်ဒန်တရားရုံးတစ်ခုတွင် ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၂ ရက်) က တရားရင်ဆိုင်ခဲ့ရပါတယ်။
အသက် ၆၈ နှစ်အရွယ် ဦးကျော်စွာမင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သဖြင့် သံအမတ်ကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသော်လည်း လန်ဒန် အနောက်မြောက်ပိုင်းရှိ Myanmar House သံရုံးနေအိမ်တွင် ဆက်လက် နေထိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တရားလိုရှေ့နေ လူဝိစ် အုတ်ခ်လီ (Louise Oakley) က ဦးကျော်စွာမင်းအနေဖြင့် သံအမတ်ကြီး ရာထူးမှ ဖယ်ရှားခံရပြီးနောက် သံတမန် အဆောက်အအုံမှ ထွက်ပေးရန် ငြင်းဆန်ခဲ့သဖြင့် သံတမန် ပိုင်နက်ကျူးလွန်မှု ကျူးလွန်ရာ ရောက်သည်ဟု ဆိုပါတယ်။
ဦးကျော်စွာမင်းကမူ ယခု စွပ်စွဲချက်အပေါ် အပြစ်မရှိကြောင်း လျှောက်လဲထားပြီး ၎င်း၏ ရှေ့နေ ဒေးဗစ် ပယ်ရီ (David Perry) က “မြန်မာအစိုးရဟာ တရားမဝင်ပါဘူး” ဟု တရားရုံးတွင် လျှောက်လဲခဲ့ပါတယ်။ စစ်အာဏာပိုင်များအနေဖြင့် သံရုံးနေအိမ် နေထိုင်ခွင့်ကို ဥပဒေအတိုင်း ရုပ်သိမ်းနိုင်ခြင်း မရှိသလို သံရုံးပိုင်ဆိုင်မှုကိုလည်း တရားဝင် အသုံးပြုခွင့် မရှိဟု ရှေ့နေက ဆိုပါတယ်။
သို့သော်လည်း တရားလို အစိုးရရှေ့နေများကမူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီး၏ ရာထူးကို တရားဝင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကာ ဦးကျော်စွာမင်းဘက်မှ အာဏာသိမ်းမှုကို လက်မခံသည့် သဘောထားမှာ ယခု အမှုနှင့် သက်ဆိုင်ခြင်း မရှိဟု တုံ့ပြန်ခဲ့ကြပြီး တရားရင်ဆိုင်မှုကို ဆက်လက် ပြုလုပ်နေပါတယ်။
Source – Reuters