ဇွန် ၂၇၊ ၂၀၂၆
The Kaladan Post
ဟော်မုဇ် (Hormuz) ရေလက်ကြားမှာ ကြာသပတေးနေ့က ကုန်တင်သင်္ဘောတစ်စင်းကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ သောကြာနေ့မှာ အမေရိကန်စစ်တပ်က အီရန်ကို စစ်ရေးအရ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်ကမှ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်နဲ့ အီရန်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။
အမေရိကန်စစ်တပ်က သူတို့ရဲ့ လေယာဉ်တွေဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း သိုလှောင်ရုံတွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး ပြီးဆုံးသွားပြီလို့ ထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာပဲ အီရန်ဘက်ကလည်း နိုင်ငံတောင်ပိုင်း ဆီရစ် (Sirik) ဆိပ်ကမ်းအနီးကို ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီရန်ရေတပ်ကလည်း ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ပစ်မှတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က ထုတ်ပြန်ထားပေမယ့် ဘယ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ အမေရိကန်ဘက်ကလည်း အီရန်ရဲ့ ဒီထုတ်ပြန်ချက်အပေါ် ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် ဗဟိုကွပ်ကဲမှုစစ်ဌာနချုပ် (CENTCOM) က “ကုန်သွယ်ရေးသင်္ဘောတွေအပေါ် အီရန်တပ်ဖွဲ့တွေရဲ့ အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေးကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်တာပါ။ ဒါဟာ မနေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ကုန်သွယ်ရေးသင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့တဲ့အပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း X (ယခင် Twitter) မှာ “အီရန်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျွန်တော်တို့က ဒါကို လေးစားလိုက်နာပါတယ်။ အကယ်၍ သူတို့အနေနဲ့ သဘောတူညီချက် အကောင်အထည်ဖော်တဲ့အပေါ် သဘောထားကွဲလွဲမှုတွေရှိရင် ဖုန်းဆက်ပြောလို့ ရပါတယ်။ ဒါပေမဲ့ အကြမ်းဖက်လာရင်တော့ အကြမ်းဖက်မှုနဲ့ပဲ ပြန်လည်ရင်ဆိုင်သွားမှာပါ။” လို့ ရေးသားထားပါတယ်။
အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီ အကြီးအကဲ အီဘရာဟင်မ် အဇီဇီ (Ebrahim Azizi) ကတော့ “အခုလို မဆင်မခြင် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာဟာ အရင်လိုပဲ သူတို့ဘက်က ဆုတ်ခွာပြီး နောင်တရစေမယ့် လုပ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။” လို့ တုံ့ပြန်ရေးသားထားပါတယ်။ အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း “အကယ်၍ ကျူးကျော်မှုတွေ ထပ်မံလုပ်ဆောင်လာပါက ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ ဒီထက်ပိုမို ကျယ်ပြန့်လာပါလိမ့်မယ်။” လို့ သတိပေးထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ဟာ ပင်လယ်ကွေ့ဒေသတွင်း မဟာမိတ်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဟော်မုဇ်ရေလက်ကြားအတွင်း အခွန်အခကောက်ခံတာ၊ ထိန်းချုပ်ဖို့ ကြိုးပမ်းတာမျိုးမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရေလက်ကြားကို အီရန်နဲ့ အိုမန်တို့ကသာ အုပ်ချုပ်သင့်တယ်လို့ ဆိုထားပြီး၊ အီရန် အဓိပတိရဲ့ အကြီးတန်းအကြံပေး အလီ အက္ကဘာ ဗီလာယာတီ (Ali Akbar Velayati) က အမေရိကန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေ ရှင်သန်ရပ်တည်ရေးဟာ တီဟီရန်အစိုးရရဲ့ သည်းခံနိုင်မှုအပေါ်မှာသာ မူတည်နေတယ်လို့ သတိပေးထားပါတယ်။
တချိန်တည်းမှာပဲ လေးလကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အစ္စရေးနဲ့ လက်ဘနွန်တို့ကြား ယာယီသဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ဟစ်ဇ်ဘိုလာတွေ လက်နက်ချဖို့နဲ့ အစ္စရေးတပ်တွေ လက်ဘနွန်ကနေ ဆုတ်ခွာဖို့ ပါဝင်ပေမယ့် ဟစ်ဇ်ဘိုလာဘက်ကတော့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ ပြန်လည်ထွက်ခွာလာနိုင်ပြီဖြစ်တာကြောင့် အခုတိုက်ခိုက်မှုတွေ မဖြစ်ခင် သောကြာနေ့က ကမ္ဘာ့ရေနံဈေးနှုန်း ၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပါတယ်။
သတင်း Source: Reuters