မတ် ၁၃
The Kaladan Post
အမေရိကန်လေတပ်ရဲ့ ဂုဏ်ယူစရာ ကိုယ်ပျောက်ဗုံးကြဲတိုက်လေယာဉ်ကြီး (B-2) တွေက ထုတ်လွှင့်တဲ့ လျှို့ဝှက်ရေဒီယိုအချက်ပြလှိုင်းတွေကို “ကျွန်တော်တို့ ထောက်လှမ်းဖမ်းယူနိုင်ခဲ့ပါပြီ” လို့ တရုတ်ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီကုမ္ပဏီကတော့ တရုတ်စစ်တပ် (PLA) ကို ထောက်လှမ်းရေးအချက်အလက်တွေ ထောက်ပံ့ပေးနေတဲ့ Jinga Technology ဆိုတဲ့ ကာကွယ်ရေးနည်းပညာကုမ္ပဏီပဲ ဖြစ်ပါတယ်။ သူတို့က “အီရန်စစ်ပွဲစဖြစ်တဲ့ အစောပိုင်းကာလတွေမှာ ဗုံးကြဲဖို့သွားတဲ့ B-2 လေယာဉ်ကြီးတွေရဲ့ လျှို့ဝှက်ဆက်သွယ်ရေးလှိုင်းတွေကို ကျွန်တော်တို့ အမိအရ ဖမ်းမိခဲ့တာပါ” လို့ အခိုင်အမာ ဆိုထားပါတယ်။
Jinga Technology ရဲ့ အဆိုအရဆိုရင် မတ်လ ၁ ရက်နေ့တုန်းက B-2 လေယာဉ်ကြီးတွေဟာ အီရန်ကို သွားပြီး ဗုံးကြဲမစ်ရှင်တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ နောက်တစ်ရက်မှာပဲ ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း B-2 ဆိုတာ ရေဒါကနေ ခြေရာခံလို့မရအောင် ကိုယ်ပျောက် (Stealth) နည်းပညာသုံးထားတဲ့ ကမ္ဘာ့တစ်မျိုးတည်းသော မဟာဗျူဟာဗုံးကြဲလေယာဉ်ကြီးတွေပါ။ နျူကလီးယားလက်နက်တွေအပါအဝင် ဗုံးတွေအများကြီးသယ်နိုင်ပြီး ရန်သူ့ရေဒါတွေကို ရှောင်ကွင်းကာ အလွန်လျှို့ဝှက်တဲ့ တိုက်ခိုက်မှုတွေ လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဆက်သွယ်ရေးစနစ်ကို အထူးလျှို့ဝှက်ထားရတာပါ။ ဒါပေမဲ့ တရုတ်ကုမ္ပဏီကတော့ “ကျွန်တော်တို့ရဲ့ စောင့်ကြည့်ရေးစနစ်တွေက ဒီလေယာဉ်တွေရဲ့ Signal ကို အလွယ်တကူပဲ ဖမ်းယူနိုင်ခဲ့တယ်” လို့ ကြွားလုံးထုတ်ထားပါတယ်။
ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ်ဘက်ကတော့ လက်ရှိအချိန်ထိ ဘာမှ တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
Jinga ကုမ္ပဏီရဲ့ Jingqi စောင့်ကြည့်ရေးစနစ်ဟာ ဂြိုဟ်တုပုံရိပ်တွေ၊ ပျံသန်းမှုလမ်းကြောင်းတွေ၊ စစ်လေယာဉ်အမျိုးအစားတွေနဲ့ အခြားစစ်ရေးအချက်အလက်တွေကို ပေါင်းစပ်တွက်ချက်ပြီး အခုလို ထောက်လှမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာလာတဲ့ ဖေဖော်ဝါရီလလောက်ကစပြီး Jinga ဟာ အရှေ့အလယ်ပိုင်းစစ်ရေးအခြေအနေတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးနေတဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ “အခု အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်တွေရဲ့ အင်အားစုရုံးမှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် အီရတ်စစ်ပွဲအတွက် ပြင်ဆင်ချိန်တုန်းကထက်တောင် ပိုပြီးကြီးမားနေတယ်” လို့လည်း သူတို့က ဇန်နဝါရီလတုန်းက မှတ်ချက်ပေးခဲ့ပါသေးတယ်။
(ကိုးကား: SCMP)