ဇူလိုင် ၇၊ ၂၀၂၆
The Kaladan Post
အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ကွယ်လွန်သူ အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ ဈာပနကို တက်ရောက်လာတဲ့ လူအုပ်ကြီးနဲ့ ပြည့်နှက်နေပေမဲ့ ဒီမြင်ကွင်းတွေရဲ့ နောက်ကွယ်မှာတော့ စီးပွားရေး အကျပ်အတည်းနဲ့ အစိုးရရဲ့ ဖိနှိပ်မှုတွေအပေါ် ပြည်သူတွေရဲ့ မကျေနပ်မှုတွေဟာ ပိုမိုနက်ရှိုင်းလာနေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလမှာ ကွယ်လွန်သွားခဲ့တဲ့ ခါမေနီရဲ့ ဈာပနကို အစိုးရက တစ်ပတ်ကြာ ခမ်းခမ်းနားနား ကျင်းပပေးနေတာဖြစ်ပြီး ဒါဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ စည်းလုံးမှုကို ပြသဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ တနင်္လာနေ့က ပြုလုပ်တဲ့ စီတန်းလှည့်လည်ပွဲမှာ လူပေါင်းသိန်းနဲ့ချီ တက်ရောက်ခဲ့ကြပြီး အစိုးရဘက်ကလည်း လာရောက်သူတွေအတွက် သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နဲ့ တည်းခိုခန်းတွေကို ဈေးလျှော့ပေးကာ အင်တိုက်အားတိုက် စည်းရုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုလူအုပ်ကြီး များပြားနေတာဟာ အစိုးရကို ထောက်ခံတယ်လို့ တိုက်ရိုက်ယူဆလို့မရကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ စကော့တလန်ရှိ [စိန့်အန်ဒရူးတက္ကသိုလ်] က ခေတ်သစ်သမိုင်းပါမောက္ခ အလီအန်ဆာရီက “ဒါဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ လူထုထောက်ခံမှုကို တိုင်းတာတဲ့ စစ်ဆေးမှုတစ်ခုလို့ တစ်စုံတစ်ယောက်က ထင်နေရင်တော့ သမိုင်းက တခြားစီ ပြောပါလိမ့်မယ်။ ဒါဟာ ဈာပနတစ်ခုပဲဖြစ်ပြီး အီရန်လူမျိုးတွေဟာ ဈာပနတွေကို အခမ်းအနားဆုံး ကျင်းပတတ်ကြပါတယ်” လို့ သုံးသပ်ပြပါတယ်။ Reuters က တွေ့ဆုံမေးမြန်းခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားဆရာတစ်ဦးဖြစ်သူ ဟာမစ်ရီဇာကလည်း “ကျွန်တော် လာတက်တာဟာ အစိုးရကို ထောက်ခံလို့ မဟုတ်ပါဘူး။ ကျွန်တော့်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီလိုသမိုင်းဝင် အခမ်းအနားကြီးကို ကိုယ်တိုင်မြင်တွေ့ချင်လို့ လာခဲ့တာပါ” လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အီရန်ပြည်သူတွေဟာ နှစ်ရှည်လများ ပိတ်ဆို့မှုတွေနဲ့ စစ်ပွဲဒဏ်တွေကြောင့် စီးပွားရေး အကြီးအကျယ် ပျက်စီးနေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လစာငွေ တန်ဖိုးမရှိတော့တဲ့ ဒဏ်ကို ခါးစည်းခံနေကြရပါတယ်။ အသက် ၃၃ နှစ်အရွယ် အိမ်ရှင်မ မာယမ်က “ကျွန်မ ဒီအခမ်းအနားကို မသွားပါဘူး။ သူတို့ရဲ့ ဇာတ်ညွှန်းအတိုင်း ကပြနေတဲ့ ပြပွဲမှာ ဘာလို့ ပါဝင်ရမှာလဲ။ ဒီလို ဈာပနတွေအစား ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေကိုပဲ စဉ်းစားပေးစေချင်ပါတယ်။ ကျွန်မတို့ တော်တော်လေး ဒုက္ခရောက်နေကြပြီ” လို့ မကျေမနပ် ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း စီးပွားရေး အခြေအနေတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရရဲ့ နှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အနာဟောင်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။
အီရန်အရာရှိဟောင်းတစ်ဦးကတော့ လက်ရှိ အီရန်လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေတဲ့ အကွဲအပြဲတွေကို ဖခင်တစ်ဦးရဲ့ ဈာပနနဲ့ နှိုင်းယှဉ်ပြီး “သားသမီးတွေဟာ ဖခင်ရဲ့ ဈာပနကိုတော့ လာတက်ကြမှာပါ၊ ဒါပေမဲ့ ဈာပနပြီးသွားတာနဲ့ သူတို့ကြားက အငြင်းပွားမှုတွေက စတော့မှာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီရဲ့ ဈာပနမှာလည်း အခုလိုပဲ လူပင်လယ်ဝေခဲ့ပေမဲ့ နှစ်နှစ်အကြာမှာတော့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး အစိုးရကို ဆန့်ကျင်တဲ့ အင်အားပြင်း ဆန္ဒပြမှုကြီးတွေ ဖြစ်ပေါ်ခဲ့တာကို သာဓကအဖြစ် တွေ့ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ အစိုးရက ခါမေနီရဲ့ ဈာပနကို နိုင်ငံရဲ့ အင်အားပြယုဂ်အဖြစ် အသုံးပြုနေပေမဲ့ ပြည်တွင်းက စီးပွားရေးနဲ့ နိုင်ငံရေး မရေရာမှုတွေကတော့ မီးခိုးကြွက်ကြွက် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
သတင်း Source: Reuters