ပုလဲမြို့နယ်တွင် WY စိတ်ကြွဆေးပြား ၄၅၀ ခန့် ဖမ်းဆီး ကွင်းဆက်ဖော်ထုတ်မှုများ လုပ်ဆောင်နေ

ဩဂုတ် ၂၀
The Kaladan Post
ပုလဲမြို့နယ်အတွင်း WY စိတ်ကြွဆေးပြားများ ဖြန့်ဖြူးရောင်းချနေမှုကို သတင်းအရ စုံစမ်းဖော်ထုတ်ခဲ့ ရာ ဩဂုတ် ၁၇ ရက်တွင် ဆေးပြား ၄၅၀ ခန့် သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ယင်းမာပင်ခရိုင် တပ်ရင်း-၃၀၁၁ ထုတ်ပြန်လာပါတယ်။ ဖားကန့်ကနေ ပုလဲဘက်ကို ခရီးသည်တွေနဲ့ ထွက်လာတဲ့ ကားတစ်စီးကို သြဂုတ် ၁၅ ရက်မှာ တားဆီးစစ်ဆေးခဲ့ပေမယ့် မူးယစ်ဆေးဝါး မတွေ့ရှိခဲ့ဘဲ ခရီးသည်နှစ်ဦး လမ်းခွဲထွက်သွားတာကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်း စုံစမ်းဖော်ထုတ်မှုတွေအရ အဲဒီခရီးသည်နှစ်ဦးထဲက တစ်ဦးဟာ WY ဆေးပြားဝယ်ယူ ရောင်းချမှုနဲ့ ဆက်စပ်နေကြောင်း သိရှိခဲ့ပြီး ဝင်ရောက်စီးနင်းရာမှာ ဆေးပြား ၄၅၀ ခန့်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်အရ ခရီးသွားကားပိုင်ရှင်နဲ့အတူ မူးယစ်ဆေးဝါးဝယ်ယူ မှုမှာ ပါဝင်ခဲ့တယ်လို့ သိရပြီး ဆက်စပ်သူတွေကို ဆက်လက်ဖော်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
သို့သော် ပုလဲမြို့နယ် တိုက်နယ် ၇ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်က ကားပိုင်ရှင်ကို ထိန်းသိမ်းစစ်ဆေး ခွင့် မပြုဘဲ ကာကွယ်ပေးထားတယ်လို့ ပူးပေါင်းအဖွဲ့က စွပ်စွဲထားပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက် မှု မရရှိခဲ့တာကြောင့် ပြည်သူထံ အသိပေးတိုင်တည်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုကြောင့် လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိစေရေး အတွက် ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့လည်း တပ်ဖွဲ့က ပြောဆိုထားပါတယ်။
#ပုလဲမြို့နယ် #မူးယစ်ဆေးဝါး #WYစိတ်ကြွဆေးပြား #မူးယစ်ဆေးဝါးနှိမ်နင်းရေး
#ဒေသတွင်းသတင်း


SCEFနှင် ဂျပန်မီဒီယာများတွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေး

ဩဂုတ် ၂၀
The Kaladan Post
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်များနဲ့ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာနဲ့ သတင်းသမားတွေဟာ ဩဂုတ် ၁၀ ရက်က တိုကျိုမြို့မှာ မီဒီယာတွေ့ဆုံပွဲနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ SCEF စုဖွဲ့ဖြစ်ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်း၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဂျပန်မီဒီယာတွေက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးမှာ SCEF ရဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကို SCEF တာဝန်ရှိသူတွေ က ပြန်လည်ဖြေကြားပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဆိုင်ရာ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဆိုပါတွေ့ဆုံပွဲဟာ ဂျပန်မီဒီယာတွေ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအခြေအနေ တွေကို ပိုမိုနားလည်နိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ဖော်ပြထားပါတယ်။
တဖက်တွင်လည်း စစ်ကောင်စီက နိုင်ငံတကာ စင်မြင့်ထက် လှမ်းနို‌င်ရေး ကြိုးစားနေတာကြောင့် ၂၀၂၆ နှစ်ကုန်ပိုင်းဟာ ပြည်တွင်းနိုင်ငံရေးအပြင် သံတမန်ရေးမှာပါ နှစ်ဖက်အားပြိုင်မှုပိုရှိနိုင်မယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
#SCEF #ဖက်ဒရယ်ဒီမိုကရေစီ #မြန်မာ့ဒီမိုကရေစီရေး #ဂျပန်နိုင်ငံ #NUG


စလင်းမြို့ ဆင်ကျုံးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်တပ်နှင့် ပျူစောထီး ၄ ဦး သေဆုံး

ဩဂုတ် ၂၀
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့ ဝက်သည်းကန်အနီးရှိ ဆင်ကျုံးစစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၉ ရက် ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေထဲက ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ စစ်တပ်ဘက်က ဝမ်းပြည့်ကျေးရွာရှေ့ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ပြီးနောက် တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။ ဆင်ကျုံး စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် တပ်စွဲထားလေ့ရှိပြီး ဒေသခံတွေအဆိုအရ စစ်ဆေးရေးနဲ့ ငွေကြေးကောက်ခံမှုတွေ ပြုလုပ်ရာမှာ အဓိကအသုံးပြုတဲ့ဂိတ်တစ်ခုဖြစ်ပါတယ်။
တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းနဲ့ ၎င်းတို့ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#စလင်းမြို့ #ဆင်ကျုံးစစ်ဆေးရေးဂိတ် #မင်းဘူးခရိုင် #မကွေးတိုင်း #ဒရုန်းတိုက်ခိုက်မှု

ဘားအံခရိုင် KNLA တပ်မဟာ (၇) ထံ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ဩဂုတ် ၂၀
The Kaladan Post
ကရင်ပြည်နယ်၊ ဘားအံခရိုင်မှာ မြဝတီအခြေစိုက် ခမရ-၃၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ လက်နက်နဲ့ ကျည်ဆန်တွေယူဆောင်ပြီး KNLA တပ်မဟာ (၇) ထံ ထွက်ပြေးအလင်းဝင်လာတယ်လို့ KNU ဘားအံခရိုင် အသိပေးထုတ်ပြန်လာပါတယ်။ ဩဂုတ် ၁၅ ရက်က ထွက်ပြေးလာချိန်တွင် စစ်တပ်က နောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်ခံရပေမယ့် အသက်လုပြီး လွတ်မြောက် လာခဲ့ကြတယ်လို့ အလင်းဝင်လာသူတွေက ပြောဆိုထားပါတယ်။
အလင်းဝင်လာသူ ၂ ဦးထံက MA သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၂၀၀ တောင့်နဲ့ ကျည်ကာ ၂ ထည်တို့ကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရသူတွေဖြစ်ပြီး KNLA တပ်မဟာ (၇) က ဆုချီးမြှင့်ခဲ့တယ်လို့ KNU ဘားအံခရိုင်က ပြောဆိုထားပါတယ်။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံနေရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်ပြီး ပူးပေါင်းကြဖို့ KNU ဘားအံခရိုင်က တိုက်တွန်းထားပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်ကနေ ၇ ရက်အတွင်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦး အလင်းဝင်ပူးပေါင်းခြင်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ပြောဆိုထားပါတယ်။အဆိုပါ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်သား ၇ ဦးနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်သား ၁၉ ဦး၊ ရဲ ၁ ဦး ပါဝင်ပြီး ဒေသအလိုက် ချင်း၊ တနင်္သာရီ၊ မကွေး၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ်အထိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် စုစုပေါင်း ၃,၇၉၅ ဦးအထိ ရှိလာတယ်လို့ ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။
#ဘားအံခရိုင် #KNLA #KNU #စစ်မှုထမ်းအလင်းဝင် #ကရင်ပြည်နယ်

မင်းဘူး(စကု)တွင် စစ်တပ်စစ်ကြောင်းက ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရပြီး ၃ ဦး သတ်ဖြတ်

ဩဂုတ် ၂၀
The Kaladan Post
မင်းဘူး(စကု)မြို့နယ်အတွင်း ဇွန်လ ၁၅ ရက်ကနေ ဩဂုတ်လ ၁၅ ရက်အထိ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေမှာ ပြည်သူပိုင်ပစ္စည်းတွေ လုယက်ယူဆောင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် – ၆ တပ်ရင်းက အသိပေးပြောဆိုလာပါတယ်။ အထူးသဖြင့် ပေါင်းရွာက ရွှေငွေ၊ ကျွဲနွား၊ လယ်ယာသုံးစက်ပစ္စည်း၊ ရေမော်တာနဲ့ အိမ်ဆောက် ပစ္စည်းတွေကို ယူဆောင်ပြီး စကုမြို့မှာ ရောင်းချနေတယ်လို့ ဆိုပါတယ်။ အဲဒီကာလအတွင်း ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တချို့ကို ငွေကြေးနဲ့ ပြန်လွှတ်ပေးခဲ့သလို တချို့ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ထို့ပြင် မဲချောင်ရွာနဲ့ ပေါင်းရွာက အမျိုးသား ၂ ဦးအပါအဝင် အနည်းဆုံး ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဩဂုတ် ၆ ရက်က မြောင်းဦးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦး ဒဏ်ရာရကာ စစ်ကြောင်းထဲက ထွက်ပြေးလာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ ကန့်သတ်နယ်မြေတွေကို ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုကြဖို့ သတိပေးထားပါတယ်။
#မင်းဘူးစကု #မကွေးတိုင်း #စစ်ကြောင်းထိုးမှု #ပြည်သူပိုင်ပစ္စည်းလုယက်မှု

မြင်းခြံ–ဆီမီးခုံလမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၄ ထက်မနည်း သေဆုံး

ဩဂုတ် ၂၀
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြင်းခြံမြို့ကနေ ဆီမီးခုံမြို့ဘက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၀ ရက် မနက်ပိုင်းက မြင်းခြံ–တံတားဦးလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ MBT မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုဂျက်ဖီလ်က The Kaladan Post သို့ပြောဆိုထားပါတယ်။ ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ခွေးတွေကို ဖောကားတွေနဲ့ ငါးဇွန်မြို့ဘက်ကို သယ်ဆောင်သွား ကြောင်း ဆက်လက်ပြောဆိုထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ငါးဇွန်မြို့ဘက်ကနေ ကား ၇ စီးနဲ့ တပ်ကူလာတဲ့ ပို့လာသဖြင့် မိနစ် ၃၀ ခန့်အကြာ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကို MBT အမှတ် (၉) တပ်ရင်းနဲ့ မန်းလူငယ်အဖွဲ့၊ ငါးဇွန်တိုက်နယ် ပကဖ၊ ဧရာဝတီတပ်ပေါင်းစု စစ်ကြောင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် အကျအဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ တပ်ဖွဲ့က အသိပေးထားပါတယ်။
#မြင်းခြံ #ဆီမီးခုံ #ငါးဇွန် #MBT #မန္တလေးတိုင်း

သာယာဝတီမြို့နယ်တွင် စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဩဂုတ် ၂၀
The Kaladan Post
ပဲခူးတိုင်း သာယာဝတီခရိုင် သာယာဝတီမြို့နယ် မြိုင်သာယာကျေးရွာမှာ စစ်တပ် အာမခံသတင်းပေးသူ ဦးကျော်အောင်နဲ့ ပျူစောထီး ဦးမြင့်ကြိုင်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၄ ရက်ညမှာ ဝင်ရောက်ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လိုက်လံပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြောဆိုထားပါတယ်။
၎င်းတို့နှစ်ဦးဟာ စစ်မှုထမ်းကြေး ကောက်ခံရာမှာ တစ်အိမ်ထောင်ကို ငွေကျပ် ၅ သောင်းကနေ ၁ သိန်း ခွဲအထိ တောင်းခံခဲ့ပြီး မပေးသူတွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြအပြင် တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ခြင်း၊ ဂိတ်ကြေးကောက်ခံခြင်းနဲ့ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက အလားတူ ပြည်သူတွေကို ထိခိုက်ဒုက္ခပေးနေသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပြီး ပြည်သူတွေအနေနဲ့ သက်ဆိုင်သူတွေနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုကြဖို့ အသိပေးထားပါတယ်။
#သာယာဝတီ #ပဲခူးတိုင်း #သာယာဝတီခရိုင် #ပြည်သူ့ကာကွယ်ရေး #မြန်မာ့အရေး