ဇွန် ၂၀၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ “ပျံသန်းနေတဲ့ အိမ်ဖြူတော်” လို့ တင်စားခေါ်ဝေါ်ရတဲ့ အမေရိကန်သမ္မတ စီးတော်လေယာဉ် (Air Force One) အသစ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။

ဒီလေယာဉ်ကြီးကတော့ မဟာမိတ် ကာတာနိုင်ငံရဲ့ တော်ဝင်မိသားစုကနေ လက်ဆောင်ပေးထားတဲ့ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ လေပေါ်ဇိမ်ခံနန်းတော်ကြီး Boeing 747-8 အမျိုးအစား လေယာဉ်ကြီးပဲ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ သုံးနေတဲ့ Air Force One နှစ်စီးက သက်တမ်းရင့် အိုဟောင်းနေပြီဖြစ်သလို နည်းပညာပိုင်းမှာလည်း အခုလေယာဉ်သစ်လောက် မမြင့်မားတော့တဲ့အတွက် အခုလို အစားထိုးဖို့ စီစဉ်ရတာပါ။ ဒေါ်လာ သန်း ၄၀၀ လောက် တန်ကြေးရှိတဲ့ ကာတာဆီက လေယာဉ်ကြီးကို လက်ခံရရှိပြီးနောက်မှာတော့ အမေရိကန်အစိုးရဟာ နောက်ထပ် ဒေါ်လာသန်းရာနဲ့ချီ ထပ်မံရင်းနှီးမြှုပ်နှံပြီး Air Force One အဖြစ် သုံးနိုင်ဖို့ ကာကွယ်ရေးစနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေကို လအတော်ကြာ အချိန်ယူ မွမ်းမံခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်သစ်ကြီးကို ဝါရှင်တန်မြို့အပြင်ဘက်က အန်ဒရူးစ် (Andrews) လေတပ်စခန်းမှာ ရပ်နားထားတာဖြစ်ပြီး သမ္မတ ထရမ့်က သွားရောက်စစ်ဆေးခဲ့တာပါ။ ထူးခြားတာကတော့ အရင်က ကတောက်ကဆလေးတွေ ရှိခဲ့ဖူးပေမယ့် ဒီလေယာဉ်သစ်ရဲ့ အတွင်းပိုင်း နည်းပညာတပ်ဆင်မှုတွေမှာ သမ္မတထရမ့်ဟာ သူဌေးကြီး အီလွန်မတ်စ်ခ်ပိုင်ဆိုင်တဲ့ Space X ကုမ္ပဏီရဲ့ နည်းပညာတွေကို အသုံးပြုစေခဲ့တာပါပဲ။

“လေယာဉ်ထဲမှာ ဘယ်သူမှ အရင်က မမြင်ဖူးလောက်အောင် ဆန်းသစ်ထူးခြားတဲ့ ဆက်သွယ်ရေးကိရိယာတွေ၊ Starlink အင်တာနက် ချိတ်ဆက်မှုနဲ့ တခြား အဆင့်အမြင့်ဆုံး နည်းပညာတွေ ပါရှိပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး မတ်စ်ခ်လည်း အရမ်းကို ပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်” လို့ သမ္မတ ထရမ့် က လေယာဉ်သစ် မိတ်ဆက်ပြသချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒီ Air Force One အသစ်ဟာ အရင်လေယာဉ်ဟောင်းတွေနဲ့ ပြင်ပ အဆင်အပြင်ပိုင်း လုံးဝကွဲပြားသွားပါတယ်။ အရင်က ကိုယ်ထည်အဖြူပေါ်မှာ အပြာရောင်ဆေးသား အနားကွပ်ထားပေမယ့်၊ အခုလေယာဉ်သစ်မှာတော့ ဝမ်းဗိုက်ပိုင်းကို နက်ပြာရောင် ခြယ်သထားပြီး လေယာဉ်ဦးပိုင်းကနေ အမြီးပိုင်းအထိ ကန့်လန့်ဖြတ် အနီလိုင်းတစ်ခု ဆွဲထားပါတယ်။ အဲဒီ ကြားထဲမှာမှ အနီနဲ့ ရွှေရောင် အစင်းအသေးလေးတွေကို ထည့်သွင်းထားတာပါ။ ဒီလို အရောင်အတွဲအဖက်ကို သမ္မတထရမ့်က သူ့စိတ်ကြိုက် အကြံပြုထားတာလို့လည်း သိရပါတယ်။

“ဒီလေယာဉ်ကြီးဟာ ပျံသန်းနေတဲ့ အိမ်ဖြူတော်လို့တောင် ရည်ညွှန်းလို့ရပါတယ်။ ဘယ်သူမှ မမြင်ဖူးသေးတဲ့ ခမ်းနားထည်ဝါမှုမျိုးကို ခံစားရစေမှာပါ” လို့ ထရမ့် က ဂုဏ်ယူဝင့်ကြွားစွာ ထပ်မံပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီလို တန်ဖိုးကြီးလက်ဆောင်ကို လက်ခံခဲ့တဲ့အပေါ် အတိုက်အခံ ဒီမိုကရက်တစ်တွေသာမက အာဏာရ ရီပတ်ဘလစ်ကန် အသိုင်းအဝိုင်းကပါ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရအဖွဲ့ က “တန်ဖိုးကြီး လက်ဆောင်ကို လက်ခံခဲ့တာဟာ ဘာပြဿနာမှ မရှိကြောင်း” တုံ့ပြန် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အမေရိကန်အစိုးရဟာ အသစ်စက်စက် Boeing 747-8 နှစ်စီးကို လေယာဉ်ထုတ်လုပ်ရေးကနေ သီးခြားမှာယူထားပေမယ့် ကြန့်ကြာမှုတွေရှိနေလို့ ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်း အချိန်မီရရှိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အခု ပြင်ဆင်မွမ်းမံထားတဲ့ Air Force One အသစ်ကြီးကိုပဲ လာမယ့် အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် ဇူလိုင် ၄ ရက်နေ့ အောင်ပွဲခံ အခမ်းအနားတွေမှာ စတင်ပျံသန်းအသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။