ကုလသမဂ္ဂ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံ စတင်၊ ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်
စက်တင် ၉
The Kaladan Post
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကို စက်တင်ဘာ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Khalilur Rahman က သဘာပတိအဖြစ် တာဝန်ယူထားကြောင်း သိရပါတယ်။ အဲ့ဒီညီလာခံကို “Restoring Trust, Managing Transformation: A United Nations That Delivers for All” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပနေပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
မြန်မာဘက်မှာတော့ ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့က အရင် ၈၀ ကြိမ်မြောက် ညီလာခံကာလအတွင်း မျက်နှာစုံညီအစည်းအဝေးတွေ၊ အဓိကကော်မတီအစည်းအဝေး တွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာ့အခြေအနေကို တင်ပြခဲ့တယ်လို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက အသိပေးထားပါတယ်။
People Movement Platform – Myanmar ဦးဆောင်မှုဖြင့် ဦးကျော်မိုးထွန်း ဆက်လက်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် အွန်လိုင်းလူထုထောက်ခံမှု လှုပ်ရှားမှုတစ်ရပ် စတင်နေတာဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂစင်မြင့်ကနေ မြန်မာပြည်သူတွေရဲ့အသံကို ဆက်လက်တင်ပြနေသူဖြစ်တာကြောင့် သူ့ရဲ့ကိုယ်စားပြုမှု ဆက်လက်တည်ရှိဖို့ အရေးကြီးတယ်လို့ People Movement Platform – Myanmar က ရှင်းပြထားပါတယ်။
တစ်ဖက်မှာတော့ မြန်မာစစ်တပ်ဘက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာနဲ့ IIMM ရဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဝေဖန်ထားပြီး IIMM ကို ၂၀၁၈ ခုနှစ်ကတည်းက အသိအမှတ်မပြု ကြောင်း ပြောဆိုထားပါတယ်။
#thekaladanpost #ဦးကျော်မိုးထွန်း #ကုလသမဂ္ဂ #PeopleMovementPlatform #မြန်မာ့အရေး

KNPF နဲ့ ပြည်သူပူးပေါင်းပြီး ပိုမိုစွမ်းရည်ပြည့်ဝတဲ့ ရဲတပ်ဖွဲ့ဖြစ်လာရေး KNU တိုက်တွန်း
စက်တင် ၉
The Kaladan Post
ကော်သူးလေပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF ကို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီလို့ KNU က အသိပေးလာပါတယ်။ KNPF မဖွဲ့စည်းခင်ကာလမှာ လူထုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်တွေကို KNDO က စစ်ရေးတာဝန်တွေနဲ့အတူ ထမ်းဆောင်ခဲ့ရတာကြောင့် တာဝန်ခွဲဝေနိုင်ဖို့ KNPF ကို သီးခြားဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဖွဲ့စည်းပြီးနောက် KNPF ကို ဗဟိုအဆင့်ကနေ ခရိုင်နဲ့ မြို့နယ်အထိ တည်ဆောက်ပြီး ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်တာဝန်ထမ်းဆောင်လာခဲ့ကြောင်း သိရပါတယ်။ လက်ရှိ KNPF ရဲမှူးချုပ်တာဝန်ကို စောအယ်ကလူဖိုးက ၂၀၂၄ ခုနှစ်ကတည်းက ထမ်းဆောင်နေပြီး KNPF စတင်ဖွဲ့စည်းချိန်ကနေ ယနေ့အထိ ရဲမှူးချုပ်တာဝန်ယူခဲ့သူ စုစုပေါင်း ၇ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ KNPF တစ်ခုတည်းရဲ့ တာဝန်မဟုတ်ဘဲ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တာကြောင့် သတင်းပေးပို့မှုနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ကြဖို့ KNU ကတိုက်တွန်းထားပါတယ်။ KNPF ကို ပိုမိုစွမ်းရည်ပြည့်ဝပြီး ပြည်သူတွေ အားကိုးအားထားရတဲ့ ရဲတပ်ဖွဲ့တစ်ရပ်ဖြစ်လာစေရေး အင်အား၊ အရည်အသွေးနဲ့ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေ ဖြည့်ဆည်းသွားဖို့ လိုအပ်ကြောင်းလည်း KNU က ပြောထားပါတယ်။
#thekaladanpost #KNPF #KNU #ကော်သူးလေ #တရားဥပဒေစိုးမိုးရေး

ဖာပွန် မူတြော်ခရိုင်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA သိမ်းပိုက်
စက်တင် ၉
The Kaladan Post
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်းက ထောမူပလဲမဲ (လယ်မူပလော) စစ်တပ် စခန်းကို စက်တင်ဘာ ၈ ရက်မှာ KNLA တပ်မဟာ ၅ က နယ်မြေရှင်းလင်းပြီး အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင် တပ်စွဲခဲ့တာ ဖြစ်ပြီး ရိက္ခာနဲ့ စစ်ကူပို့ဆောင်ရေးလမ်းကြောင်းတွေကို KNLA ပူးပေါင်းတပ်တွေက ရေရှည်ပိတ်ဆို့ ထားခဲ့တယ်လို့ ဆိုပါတယ်။
ထောမူပလဲမဲ (လယ်မူပလော) စခန်းကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပြောက်ကျားနည်းတွေ အသုံးပြုပြီး ဆက်တိုက်ဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဩဂုတ်လကုန်ပိုင်း ကတည်းက စခန်းကနေ စတင်စွန့်ခွာထွက်ပြေးခဲ့တယ်လို့ မူတြော်ခရိုင် ပြောခွင့်ရသူ ပဒိုစောထို့ရော်ဘင်က အတည်ပြုထားပါတယ်။ စခန်းစွန့်ခွာပြီးနောက် မိုင်းအန္တရာယ်နဲ့ ကျန်ရှိနိုင်တဲ့ အခြေအနေတွေကို စစ်ဆေးပြီးမှ KNLA တပ်ဖွဲ့တွေက စခန်းအတွင်း ဝင်ရောက်ရှင်းလင်းကာ ထိန်းချုပ်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေဟာ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံ ထားရပြီး လေကြောင်းပို့ဆောင်မှုကိုသာ အားကိုးနေရတာကြောင့် စခန်းစွန့်ခွာမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ KNU က ဆိုထားပါတယ်။
#thekaladanpost #မူတြော်ခရိုင် #ဖာပွန် #KNLA #KNU #မြန်မာ့သတင်း

ဇင်းဘုံနဲ့ စင်းခန်းဘက် စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၉ ဦး ထိခိုက်သေဆုံး
စက်တင် ၉
The Kaladan Post
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံနဲ့ စင်းခန်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် ထိခိုက်သေဆုံးမှုများ ခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့က ဇင်းဘုံရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၂ နဲ့ ခမရ ၁၁၉ တပ်တွေကို တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ခလရ ၁၂ တပ်ရင်းမှူး သေဆုံးပြီး အလောင်းကို KIA ပူးပေါင်းတပ်တွေက ရရှိခဲ့ပြီး ခမရ ၁၁၉ တပ်ရင်းမှူးလည်း ဒဏ်ရာရခဲ့ပြီး လက်နက် ၉ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုပါတယ်။ ဒါ့အပြင် ယနေ့ စက်တင်ဘာ ၉ ရက်မှာ စင်းခန်းတံတားအနီး ချဉ်းကပ်လာတဲ့ စစ်တပ်စစ်ကြောင်းကိုလည်း KIA ပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ပြီး အလောင်းတွေကိုလည်း ရရှိခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ အဆိုပါ တိုက်ပွဲတွေအပြီးမှာ စစ်တပ်စစ်ကြောင်းဟာ ထိခိုက်သေဆုံးမှု များပြားတာကြောင့် ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
#thekaladanpost #ရွှေကူ #ဇင်းဘုံ #စင်းခန်း #KIA #မြန်မာ့သတင်း

ကချင်ပြည်နယ် ဗန်းမော်ဘက်တွင် စစ်ကောင်စီ ထောက်ပို့သင်္ဘော တိုက်ခိုက်ခံရပြီး ၅ စီ ပျက်စီး
စက်တင် ၉
The Kaladan Post
ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်ဆင်းလာတဲ့ စစ်တပ်ရဲ့ သင်္ဘော ၃ စီးကို စက်တင်ဘာ ၉ ရက်မှာ KIA ပူးပေါင်းတပ်တွေက ဧရာဝတီမြစ်အတွင်း ဒရုန်းအသုံးပြုကာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဇင်းဘုံရွာအောက် ဝဲမကြီးအနီးမှာ ရှေ့ဆုံးက တိုက်ခိုက်ရေးသင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ဒုတိယသင်္ဘော ၁ စီးလည်း တစ်ဝက်နစ်မြုပ်ကာ မြလည်အထက်ဘက်မှာ နောက်ထပ်သင်္ဘော ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
အလားတူ ရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားထားတဲ့ စစ်တပ်သင်္ဘော ၂ စီးကိုလည်း အဲဒီနေ့ မနက်ပိုင်း မှာ KIA ပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၉ ရက်တစ်နေ့တည်းမှာ သင်္ဘော ၅ စီး ထိခိုက်ပျက်စီးနိုင်ခဲ့ကြောင်း KIA က အတည်ပြုထားပါတယ်။ အဆိုပါ တိုက်ခိုက်မှု တွေဟာ ဗန်းမော်နဲ့ ရွှေကူဘက်ကို စစ်အင်အားနဲ့ ရိက္ခာပို့ဆောင်တဲ့ ရေကြောင်းလမ်းကြောင်း တစ်လျှောက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး မြေပြင်တိုက်ပွဲတွေနဲ့အတူ ရေကြောင်းတိုက်ပွဲတွေပါ ပိုမိုပြင်းထန်လာကြောင်း သိရပါတယ်။
#thekaladanpost #ဗန်းမော် #ရွှေကူ #KIA #ဧရာဝတီမြစ် #မြန်မာ့သတင်း

စုံ/မ ယာဉ်မောင်းစနစ် ဖျက်သိမ်းသော်လည်း ဆီဝယ်ရာတွင် QR Code နဲ့ စုံ/မ ဆက်ရှိမယ်ဟု စစ်တပ်ဆို
စက်တင် ၉
The Kaladan Post
စက်သုံးဆီသုံးစွဲမှု ပုံမှန်တည်ငြိမ်လာပြီလို့ဆိုကာ စစ်ကောင်စီက မတ်လကတည်းက သတ်မှတ်ထားတဲ့ ယာဉ်နံပါတ်စဉ်အလိုက် စုံရက်၊ မရက်ခွဲ မောင်းနှင်ရတဲ့စနစ်ကို စက်တင်ဘာ ၉ ရက်ကစပြီး ဖျက်သိမ်း လိုက်ကြောင်း သိရပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မတ်လဆန်းပိုင်းက စတင်ခဲ့တဲ့ ဒီစနစ်ဟာ ယာဉ်အသွားအလာနဲ့ လုပ်ငန်းလုပ်ကိုင် မှုတွေမှာ အခက်အခဲတွေ ဖြစ်စေခဲ့ကြောင် ယာဉ်မောင်းတွေနဲ့ ပြည်သူတွေက ဝေဖန်ထားကြပါတယ်။
အခုကစပြီး ယာဉ်တွေကိုတော့ ပုံမှန်အတိုင်း မောင်းနှင်ခွင့်ပြုလိုက်ပေမယ့် စက်သုံးဆီဝယ်ယူရာမှာ တော့ လက်ရှိကျင့်သုံးနေတဲ့ စုံ/မ ရက်သတ်မှတ်ချက်နဲ့ QR Code စနစ်ကို ဆက်လက်အသုံးပြုသွား မယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ စုံ/မ စနစ်ကျင့်သုံး ပြီးနောက် စက်သုံးဆီသုံးစွဲမှု ၂၉ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး နိုင်ငံခြားငွေလည်း သက်သာလာတယ် လို့ အကြောင်းပြထားပါတယ်။
ဒါပေမယ့် စုံ/မ စနစ်ကို အကောင်အထည်ဖော်တဲ့ကာလအတွင်း စစ်တပ်၊ ယာဉ်ထိန်းရဲနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့တွေကနေ ငွေတောင်းခံတာတွေ ရှိခဲ့တယ်လို့ ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။ လက်ရှိမှာ ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပေမယ့် စက်သုံးဆီရောင်းချမှုအပေါ် ကန့်သတ်ချက်တွေ ဆက်ရှိနေတဲ့အတွက် ဆီဝယ်ယူသုံးစွဲမှုအခြေအနေကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေဖြစ်နေပါတယ်။
#thekaladanpost #စက်သုံးဆီ #စုံမစနစ် #QRCode #မြန်မာ့စီးပွားရေး #မြန်မာ့သတင်း
