စက်တင် ၈၊ ၂၀၂၆

The Kaladan Post

မြန်မာစစ်တပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ မြင့်တက်နေမှုကို ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့် မညီဘဲ လွတ်လပ်တရားမျှတမှု မရှိသည့် မည်သည့် ရွေးကောက်ပွဲကိုမျှ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဥရောပသမဂ္ဂ (EU) က စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

ဂျနီဗာမြို့၌ ကျင်းပသည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် အီးယူ ကိုယ်စားလှယ်အဖွဲ့က ထိုသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နှိပ်ကွပ်မှုများ ဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သလို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် စစ်ကောင်စီက အဓိက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ ဖြစ်ပွားနှုန်းမှာ ပိုမိုမြင့်တက်လာနေပြီး ရိုဟင်ဂျာများသည် စနစ်တကျ ခွဲခြားဆက်ဆံခံနေရကြောင်း ထောက်ပြထားပါတယ်။

အဓမ္မ စစ်မှုထမ်းခိုင်းခြင်းနှင့် စစ်ကောင်စီတပ်ထံ လက်နက်များ ဆက်လက် ရောက်ရှိနေခြင်းတို့သည် လူ့အခွင့်အရေး အကျပ်အတည်းကို ပိုမို ဆိုးရွားစေသည့် အဓိက အကြောင်းအရင်းများ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများ ပိုမိုများပြားလာခြင်းသည် အရပ်သားများ သေဆုံးရသည့် အဓိက အကြောင်းအရင်း ဖြစ်သည်ဟု အီးယူ က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်သည့် ယုံကြည်စိတ်ချရသော ဒီမိုကရေစီ လမ်းကြောင်း လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အီးယူအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် အပြည့်အဝ အကောင်အထည်ဖော်ရေး အပါအဝင် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကြိုးပမ်းမှုများကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ပါတယ်။

ရေရှည်တည်တံ့သည့် အဖြေရရှိရန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု ရှိရမည်ဖြစ်ပြီး ယင်းတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ဗဟိုစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အခန်းကဏ္ဍမှာ အဓိကကျကြောင်း ဖော်ပြထားပါတယ်။ ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်သည့် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို အဓိက ဆောင်ရွက်သင့်ပါသလဲဟု အီးယူ က မေးမြန်းထားပါတယ်။

Source – European Union