စက်တင် ၈၊ ၂၀၂၆

The Kaladan Post

ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကို ရေရှည် ခိုင်မာစွာ ဖြေရှင်းနိုင်ရန်အတွက် အခြား ကမ္ဘာ့ပဋိပက္ခများကြောင့် အရေးမစိုက်ဘဲ မေ့ပျောက်မသွားစေရန်နှင့် ကမ္ဘာ့အရေးစဉ်တွင် ဆက်လက်ထားရှိပေးရန် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟွတ်ဒင်း အာမက် (Salahuddin Ahmed) က တိုက်တွန်းလိုက်ပါတယ်။

ဒါကာမြို့၌ ကျင်းပသည့် ရိုဟင်ဂျာအရေး ဆွေးနွေးပွဲတွင် အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်စဉ် ဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဝန်ကြီး ဆာလာဟွတ်ဒင်း က “နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိရောက်တဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကနေတစ်ဆင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များ ၎င်းတို့ရဲ့ နေရပ်ဆီ မြန်မြန်ဆန်ဆန်နဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ထွက်ခွာနိုင်ရေးကို ဆောင်ရွက်ရပါမယ်” ဟု ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာ ၁.၅ သန်းကျော်ကို ၉ နှစ်ကျော်ကြာ စားနပ်ရိက္ခာနှင့် နေထိုင်ရေး ကူညီပေးထားသော်လည်း စခန်းများအတွင်း မူးယစ်ဆေးဝါး၊ လက်နက် မှောင်ခိုကူးမှုများနှင့် ရာဇဝတ်မှုများ တိုးပွားလာနေပါတယ်။ ဝန်ကြီးချုပ် တာရစ်ခ်ရာမန် (Tarique Rahman) ဦးဆောင်သည့် အစိုးရအနေဖြင့် ရိုဟင်ဂျာ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သန္နိဋ္ဌာန်ချထားပြီး အမျိုးသားအဆင့် စာဗျူဟာ ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ရှာမားအိုဘိုက်အစ္စလာမ် (Shama Obaed Islam) ကလည်း မြန်မာနိုင်ငံနှင့် ပြုလုပ်နေသည့် ရိုဟင်ဂျာ စိစစ်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။ ၎င်းက “စိစစ်ရေး လုပ်ငန်းစဉ်ဟာ အဆုံးမရှိတဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ်တစ်ခု မဖြစ်သင့်ပါဘူး၊ မူလရှိပြီးသား နှစ်နိုင်ငံ သဘောတူညီချက်တွေပေါ် အခြေခံပြီး စိစစ်ရေးကို အရှိန်မြှင့်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ဒုတိယဝန်ကြီးက နိုင်ငံတကာ ထောက်ပံ့ငွေများ လျော့ကျလာခြင်းကြောင့် ဒုက္ခသည်များ၏ လူသားချင်းစာနာမှု တာဝန်များကို ဆက်လက် ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်အတွက် ခက်ခဲလာကြောင်း သတိပေးခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးကလည်း အရေးပေါ် ကူညီရေးထက် ရခိုင်ပြည်နယ်အတွင်း ဘေးကင်းသည့် ပတ်ဝန်းကျင် ဖန်တီးပေးရေး အပါအဝင် ‘အကူးအပြောင်း မဟာဗျူဟာ’ ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုထားပါတယ်။

Source – The Daily Star