စက်တင် ၈၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံတွင် ကျူးလွန်သည့် အကြမ်းဖက်မှုများကို တားဆီးရန် သံတမန်ရေးအရ ကြိုးပမ်းမှုများ ပျက်ပြားခဲ့သဖြင့် မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖော်ကာတာခ် (Volker Turk) က တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပါတယ်။
ဂျနီဗာမြို့၌ ကျင်းပသည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မဟာမင်းကြီး ဖော်ကာတာခ် က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာတွင် အသုံးပြုနိုင်သည့် လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် နှစ်မျိုးသုံး ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချနေမှုများကို ရပ်တန့်ကြရန်လည်း ၎င်းက အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့ပါတယ်။
အစီရင်ခံသည့် ကာလအတွင်း အရပ်သား ၁,၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက အတည်ပြုထားပြီး အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ၃,၀၀၀ ကျော်ရှိနိုင်ကြောင်း မဟာမင်းကြီးက ပြောဆိုခဲ့ပါတယ်။ ထို့အပြင် အရပ်သားများ သေဆုံးရသည့် အဓိက အကြောင်းအရင်းမှာ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များသည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) နှစ်ဖွဲ့စလုံး၏ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှု စသည့် “ကျယ်ပြန့်ပြီး စနစ်တကျပြုလုပ်သည့်” ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ လက်ရှိ မတည်ငြိမ်သည့် အခြေအနေများကြောင့် ရိုဟင်ဂျာများ ပြန်လည်ထွက်ခွာရေးမှာ မဖြစ်နိုင်သေးကြောင်းလည်း သတိပေးခဲ့ပါတယ်။
စစ်ကောင်စီနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများကို သတိပေးခဲ့ပြီး မဟာမင်းကြီး ဖော်ကာတာခ် က “ကျွန်တော်တို့အနေနဲ့ ‘ညှိနှိုင်းထိတွေ့ဆက်ဆံမှု’ ဆိုတာထက် ပိုမိုလိုအပ်ပြီး ‘လူ့အခွင့်အရေးကို အခြေခံတဲ့ ထိတွေ့ဆက်ဆံမှု’ မျိုး လိုအပ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ထို့အပြင် မည်သည့် ထိတွေ့ဆက်ဆံမှုမဆို အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ ခွင့်ပြုရေးနှင့် မတရား ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရေးတို့အပေါ် အခြေခံရမည်ဟု ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
Source – Anadolu Agency