စက်တင် ၈၊ ၂၀၂၆
The Kaladan Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သိမ်းပိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် ဥရောပသမဂ္ဂ (EU) က ဂရင်းလန်းကျွန်းသို့ ဒေါ်လာ ၂၃၂ သန်း (ယူရို သန်း ၂၀၀) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ထောက်ပံ့ပေးရန် သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဂရင်းလန်း မြို့တော် နုခ် (Nuuk) တွင် တနင်္လာနေ့က ပြုလုပ်သည့် အခမ်းအနား၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒယ်လေးယန်း (Ursula von der Leyen)၊ ဂရင်းလန်း ဝန်ကြီးချုပ် ဂျင်းစ်-ဖရက်ဒရစ် နီးလ်ဆင် (Jens-Frederik Nielsen) နှင့် ဒိန်းမတ် ဝန်ကြီးချုပ် မက်တီး ဖရက်ဒရစ်ဆင် (Mette Frederiksen) တို့က အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဥက္ကဋ္ဌ ဖွန်ဒယ်လေးယန်း က “ဂရင်းလန်းရဲ့ အနာဂတ်ကို ဂရင်းလန်းနဲ့ ဒိန်းမတ် ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ အခြားဘယ်သူမှ ဆုံးဖြတ်လို့ မရပါဘူး” ဟု ပြောကြားခဲ့ပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် လာမည့် ၂ နှစ်အတွင်း အုပ်ချုပ်ရေး စွမ်းဆောင်ရည်၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းနှင့် အိမ်ရာ ဆောက်လုပ်ရေး စီမံကိန်းများကို ကူညီပေးသွားမည် ဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၈-၂၀၃၄ အီးယူ ဘတ်ဂျက်တွင်လည်း ဂရင်းလန်းသို့ တိုက်ရိုက် ကူညီထောက်ပံ့မှု ပမာဏကို ယူရို ၅၃၀ သန်း (ဒေါ်လာ ၆၁၆ သန်း) အထိ နှစ်ဆ တိုးမြှင့်ပေးရန် အီးယူက အဆိုပြုထားပါတယ်။
ဂရင်းလန်း ဝန်ကြီးချုပ် နီးလ်ဆင် က “ဒီလို စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အချိန်မှာ သင်တို့ရဲ့ ကူညီထောက်ပံ့မှုတွေက မယိမ်းယိုင်ခဲ့ပါဘူး၊ အီးယူဟာ ကျွန်တော်တို့နဲ့အတူ ရပ်တည်ခဲ့ပြီး ဆက်လက်လည်း ရပ်တည်နေပါတယ်” ဟု ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ အီးယူ ဥက္ကဋ္ဌ၏ ခရီးစဉ်သည် နိုင်ငံ ၁၁ နိုင်ငံမှ စစ်သည် ၄၀၀ ခန့် ပါဝင်သည့် နာတိုး (NATO) ၏ “Arctic Shield” စစ်ရေးလေ့ကျင့်မှု စတင်ချိန်နှင့်လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် လူဦးရေ ၅၇,၀၀၀ နေထိုင်သည့် ဒိန်းမတ် ပိုင်နက် ဂရင်းလန်းကျွန်းကို အမေရိကန် ထိန်းချုပ်မှုအောက် ထည့်သွင်းရန် စစ်ရေးအရ အင်အားသုံးမည့် ဖြစ်နိုင်ခြေကို ငြင်းဆန်ခဲ့ခြင်း မရှိဘဲ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သဖြင့် အီးယူနှင့် နာတိုး အဖွဲ့ဝင်များအကြား တင်းမာမှုများ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Source – Al Jazeera