စက်တင် ၈၊ ၂၀၂၆

The Kaladan Post

အမေရိကန် ကိုယ်စားလှယ်များ မော်စကိုသို့ လာရောက်ပြီးနောက် ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့အကြား သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ခြေကို မငြင်းပယ်ကြောင်း ကရင်မလင် နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ညှိနှိုင်းရေးမှူးများဖြစ်ကြသည့် စတီဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျာရက် ကူးရှ်နာ (Jared Kushner) တို့၏ မော်စကို ခရီးစဉ်အပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ပက်စကော့ဗ် က “သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရေးနဲ့ ပတ်သက်လို့ မနေ့က ကိယက်ဗ်ရဲ့ ထုတ်ပြန်ချက်ကို ခင်ဗျားတို့ ကြားသိပြီးဖြစ်မှာပါ၊ မစ္စတာ ကူးရှ်နာ ကလည်း အဲဒီလို ပြောဆိုခဲ့ပါတယ်၊ ကျွန်တော်တို့ဘက်ကလည်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည်စတင်ဖို့ကို မငြင်းပယ်ပါဘူး၊ ဒါပေမဲ့ ကျင်းပမယ့်နေရာနဲ့ ရက်စွဲအတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်” ဟု ပြောဆိုခဲ့ပါတယ်။

အခြား ကမ္ဘာ့သတင်းများတွင် နီပေါနိုင်ငံ၌ ဩဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် လူ ၅,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူပေါင်း ၁၃,၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ နီပေါအစိုးရက နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ရန် “Nepal Calling” ကမ်ပိန်းကို စတင်လိုက်ပြီး အဓိက ခရီးသွားနေရာများနှင့် လေဆိပ်များ ပုံမှန် လည်ပတ်နေကြောင်း အသိပေးထားပါတယ်။

အီရန်နိုင်ငံကလည်း ဟော်မုဇ် ရေလက်ကြားအနီးတွင် ကန့်သတ်ဇုန်အသစ် ထုတ်ပြန်ရန် စီစဉ်နေပြီး အမေရိကန်က အီရန် ရေနံတင်သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့သလို အီရန်ကလည်း အမေရိကန် ရေယာဉ်များကို ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ လီဘနွန်း တောင်ပိုင်းတွင်လည်း အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နာဘာတီယက် (Nabatieh) မြို့၌ ဒရုန်းဖြင့် ကားတစ်စီးကို တိုက်ခိုက်မှု အပါအဝင် လူအများအပြား သေဆုံးခဲ့ပါတယ်။

ထို့အပြင် အမေရိကန်နိုင်ငံ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Amazon အမှတ်တံဆိပ်ပါ Prime Air ဘိုအင်း ၇၆၇ ကုန်တင်လေယာဉ်တစ်စီး ဆင်းသက်စဉ် ပြေးလမ်းကျော်လွန်ကာ ယာဉ်များကို ဝင်တိုက်ပြီး မီးလောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

Source – Indian Express