စက်တင် ၈၊ ၂၀၂၆

The Kaladan Post

ထိုင်းနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ အတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် သက်တမ်းကို ရက် ၃၀ သို့ ထက်ဝက် လျှော့ချလိုက်ပြီး ယင်းစည်းမျဉ်းအသစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ အသက်ဝင် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ထိုင်းတော်ဝင်ဂဇက် (Royal Gazette) ၌ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံ ၉၃ နိုင်ငံအတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ အသစ်သတ်မှတ်လိုက်သည့် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်သည် ခရီးသွားလာရေး (Tourism) တစ်ခုတည်းအတွက်သာ အကျုံးဝင်မည်ဖြစ်ရာ စီးပွားရေးနှင့် အလုပ်ကိစ္စဖြင့် လာရောက်သူများသည် စက်တင်ဘာ ၁၅ ရက်မှစ၍ ဗီဇာ လျှောက်ထားရတော့မည် ဖြစ်ပါတယ်။

အဆိုပါ ပြင်ဆင်မှုကို ဇူလိုင် ၁၄ ရက်က အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုင်းအစိုးရ ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ယခု ပြင်ဆင်မှုသည် အမျိုးသား လုံခြုံရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ စီးပွားရေး အကျိုးအမြတ်များနှင့် “နိုင်ငံခြားသား ခရီးသွားများအတွက် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည့်” ဗီဇာ ကင်းလွတ်ခွင့် အခွင့်အရေးများ ထပ်နေမှုကို လျှော့ချရန်အတွက် ဖြစ်သည်ဟု ဖော်ပြထားပါတယ်။

စည်းမျဉ်းအသစ်အရ ကုန်းလမ်းနယ်စပ် စစ်ဆေးရေးဂိတ်များမှတစ်ဆင့် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်မှုကို တစ်နှစ်လျှင် ၂ ကြိမ်သာ ကန့်သတ်ထားပြီး မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံသားများကိုမူ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ထို့အပြင် ဆိုက်ရောက်ဗီဇာ (Visa-on-Arrival) လျှောက်ထားနိုင်သည့် နိုင်ငံ အရေအတွက်ကို အဇာဘိုင်ဂျန်၊ ဘီလာရုစ်နှင့် ဆာဘီးယား ၃ နိုင်ငံတည်းသို့ လျှော့ချလိုက်ပြီး ဆေးရှဲလ်နှင့် မောရီရှပ် နိုင်ငံတို့အား ရက် ၁၅ ရက် ဗီဇာကင်းလွတ်ခွင့်သို့ ပြောင်းလဲလိုက်ပါတယ်။

တရုတ်၊ ရုရှားနှင့် ဗီယက်နမ်တို့အပါအဝင် သီးခြား နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်များမှာမူ ထိခိုက်မှု မရှိဘဲ ပုံမှန်အတိုင်း ဆက်လက် တည်ရှိမည် ဖြစ်ပါတယ်။ ယခု လက်ရှိ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်သည် စက်တင်ဘာလ ၁၄ ရက်နေ့အထိ ဝင်ရောက်သူများအတွက် အကျုံးဝင်ဆဲ ဖြစ်ပါတယ်။

Source – TTG Asia