ဇွန် ၂၅၊ ၂၀၂၆
The Kaladan Post
သြစတြေးလျနိုင်ငံဟာ အာဏာရှင်အစိုးရတွေ၊ ဟက်ကာတွေနဲ့ ဂျူးဆန့်ကျင်ရေး အစွန်းရောက်တွေဆီကနေ နိုင်ငံတော်လုံခြုံရေးကို စနစ်တကျ ခြိမ်းခြောက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရဲ့ လုံခြုံရေးပတ်ဝန်းကျင်ဟာ ပိုမိုဆိုးရွားလာနေတယ်လို့ သြစတြေးလျ ထောက်လှမ်းရေးအကြီးအကဲက ဗုဒ္ဓဟူးနေ့ညက ပြုလုပ်တဲ့ နှစ်ပတ်လည် ခြိမ်းခြောက်မှုအကဲဖြတ် အစီရင်ခံစာမှာ သတိပေးပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း သြစတြေးလျနိုင်ငံမှာ အွန်လိုင်းကတစ်ဆင့် အစွန်းရောက်ဝါဒဖြန့်မှုတွေ၊ နိုင်ငံတော်အဆင့် ကျောထောက်နောက်ခံပြုထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ ဂျူးလူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးမှုတွေနဲ့ ဆစ်ဒနီမြို့က လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေအထိ ခြိမ်းခြောက်မှုပေါင်းစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ [သြစတြေးလျ လုံခြုံရေး ထောက်လှမ်းရေးအဖွဲ့ (ASIO)] ရဲ့ ညွှန်ကြားရေးမှူးချုပ် မိုက်ခ် ဘားဂျက်စ် (Mike Burgess) က “လက်ရှိ နိုင်ငံရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုအဆင့်ကို ‘ဖြစ်နိုင်ခြေရှိ (Probable)’ အဖြစ် သတ်မှတ်ထားပေမယ့်၊ ဒီစကားလုံးတစ်ခုတည်းနဲ့တင် တစ်ပြိုင်နက်တည်း အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေကို အပြည့်အဝ ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး “နောက်တစ်ဆင့်ကတော့ တိကျတဲ့ တိုက်ခိုက်မှုသတင်းတွေရရှိတဲ့အခါ သတ်မှတ်တဲ့ ‘ဖြစ်လာနိုင်ဖွယ်ရှိ (Expected)’ အဆင့်ပါ။ လက်ရှိမှာ အဲဒီအဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမဲ့ လုံခြုံရေးအခြေအနေတွေက ဆိုးရွားလာနေပြီး နိုင်ငံရေးအရ လှုံ့ဆော်တဲ့ အကြမ်းဖက်မှုတွေက ‘ဖြစ်နိုင်ခြေရှိ’ ဆိုတာထက် ပိုများလာတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒီလို စိန်ခေါ်မှုတွေ ရှိနေပေမယ့် သြစတြေးလျအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ ဘားဂျက်စ် က အာမခံပါတယ်။ ASIO ဟာ ၂၀၁၄ ခုနှစ်ကတည်းက ကြီးမားတဲ့ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု ၃၁ ခုကို ဟန့်တားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျူးဘာသာရေးပွဲတော်တစ်ခုမှာ လူ ၁၅ ဦး သေဆုံးခဲ့ရတဲ့ ဘွန်ဒီ (Bondi) ကမ်းခြေ ပစ်ခတ်မှုအပြီးမှာလည်း အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အမှုကြီးပေါင်း ဒါဇင်နဲ့ချီပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။ အဆိုပါ ဘွန်ဒီ ပစ်ခတ်မှုက သေနတ်သမားနှစ်ဦးဟာ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့ရဲ့ လှုံ့ဆော်မှုကြောင့် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် လျှို့ဝှက်အွန်လိုင်း ချတ် (Chat) တွေကတစ်ဆင့် လူငယ်တွေအပါအဝင် လူတွေကို သီတင်းပတ်အနည်းငယ်အတွင်း အစွန်းရောက်လာအောင် လှုံ့ဆော်နေပြီး၊ လူမှုကွန်ရက်တွေကလည်း အမုန်းစကားတွေနဲ့ မကျေနပ်ချက်တွေကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေတယ်လို့ ထောက်လှမ်းရေးအကြီးအကဲက ထောက်ပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံခြားသူလျှိုတွေဟာ သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ AUKUS နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို ပစ်မှတ်ထားနေကြပါတယ်။ လုံခြုံရေးအဆင့်အတန်းရှိတဲ့ အရာရှိတစ်ဦးကို အတိုင်ပင်ခံကုမ္ပဏီတစ်ခုကနေ လာသယောင် ဟန်ဆောင်ပြီး ဆက်သွယ်လာမှုတွေတောင် ရှိခဲ့တယ်လို့ သိရပါတယ်။
ဂါဇာပဋိပက္ခ စတင်ကတည်းက သြစတြေးလျမှာရှိတဲ့ ဂျူးလူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့တိုက်ခိုက်မှုတွေမှာ အီရန်က နောက်ကွယ်က ပါဝင်ပတ်သက်နေတယ်လို့ ဘားဂျက်စ် က စွပ်စွဲခဲ့ပါတယ်။ ဆစ်ဒနီမြို့က စားသောက်ဆိုင်တစ်ဆိုင်ကို မီးရှို့တိုက်ခိုက်မှုဟာ အီရန်နိုင်ငံမှာ နေထိုင်နေပြီး အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ အေးဂျင့်အဖြစ် အလုပ်လုပ်နေတဲ့ သြစတြေးလျနိုင်ငံသား တစ်ဦးက ညွှန်ကြားခဲ့တာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
“ကံကောင်းထောက်မစွာနဲ့ ဒီမီးရှို့မှုတွေကြောင့် ဘယ်သူမှ အသက်မသေဆုံးခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့နေ့ကျရင် သြစတြေးလျမြေပေါ်မှာ သြစတြေးလျနိုင်ငံသား တစ်ယောက်ယောက်ဟာ နိုင်ငံခြားအစိုးရတစ်ရပ်ရဲ့ လက်ချက်နဲ့ အသတ်ခံရမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်သမားတိုင်း၊ သူလျှိုတိုင်းကို မဖမ်းနိုင်ပေမယ့်၊ သြစတြေးလျ ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် နေ့ရောညပါ ဆက်လက်ကြိုးပမ်းနေပါတယ်။” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
သြစတြေးလျအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေက ဂျူးဆန့်ကျင်ရေး မီးရှို့တိုက်ခိုက်မှု နှစ်ခုကို အီရန်က ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲပြီး အီရန်သံအမတ်ကြီးကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး သြစတြေးလျက နိုင်ငံခြားသံအမတ်တစ်ဦးကို ပထမဆုံးအကြိမ် ပြည်နှင်ဒဏ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
သတင်း Source: Reuters