ဇွန် ၂၅၊ ၂၀၂၆
The Kaladan Post
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဘုံရည်မှန်းချက်နဲ့ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အချင်းချင်းကြား ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို လက်နက်နဲ့ အင်အားမသုံးဘဲ မဟာမိတ်နည်းလမ်းနဲ့သာ ညှိနှိုင်းဖြေရှင်းကြဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အပါအဝင် တော်လှန်ရေးအင်အားစု ၄၀ ကျော်က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအောင်ပွဲတွေနဲ့အတူ တော်လှန်ရေးရေချိန် မြင့်မားလာတာကို ဂုဏ်ယူအားတက်ဖွယ် မြင်တွေ့နေရပေမယ့်၊ တဖက်မှာလည်း အဖွဲ့အစည်းအချင်းချင်းကြား စစ်ရေးအရ ပစ်ခတ်ဖြေရှင်းမှုတွေ၊ အကြောင်းမဲ့ ဖမ်းဆီးမှုတွေ၊ ကြီးနိုင်ငယ်ညှင်း ဆက်ဆံမှုတွေနဲ့ ပြည်သူလူထုအပေါ် လက်နက်အားကိုး နှိပ်စက်မှုတွေကို တနေ့တခြား ပိုမိုတွေ့မြင်လာရတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ “မဟာမိတ်အင်အားစုများ အချင်းချင်းကြား စစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် ရန်သူအပေါ်သဘောထားနှင့် ဆင်တူနေသကဲ့သို့ လက်နက်အားကိုးဖြင့် ဖြေရှင်းရေးသည် စစ်ဝါဒီရန်သူ၏ နည်းလမ်းဖြစ်ကြောင်းကို သတိထားရမည်ဖြစ်သည်။ ထိုလုပ်ရပ်များသည် မည်သည့်တော်လှန်ရေးအင်အားစုအတွက်မှ အကျိုးအမြတ်မရှိဘဲ ရန်သူ အမြတ်ထုတ်နိုင်ရန်သာ ထောက်ပံ့ပေးရာရောက်သည်။” လို့ အပြင်းအထန် သတိပေးထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့အစည်းတွေအနေနဲ့ မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒတွေကို မှန်ကန်စွာချမှတ်ပြီး အခိုင်အမာလိုက်နာဖို့ကိုလည်း အဆိုပါအဖွဲ့အစည်း ၄၀ ကျော်က တိုက်တွန်းထားပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားပြီး ပြဿနာတွေကို စုပေါင်းခေါင်းဆောင်မှုနဲ့ ညှိနှိုင်းတိုင်ပင် အဖြေရှာကြဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။ အဖွဲ့အစည်းဝင် တစ်ဦးဦးက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်လည်း တော်လှန်ရေးပုံရိပ်ကျဆင်းမှာစိုးလို့ ဖုံးကွယ်ထားတာမျိုး မလုပ်ဘဲ အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ အပြစ်ပေးအရေးယူမှသာ တရားမျှတတဲ့ တရားစီရင်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မယ်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိအခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အောက်ပါအချက် (၃) ချက်ကို အဓိကတောင်းဆိုလိုက်ပါတယ်။
၁။ တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်။
၂။ နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူများအခြေခံပြီး တပ်ပေါင်းစုတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်။
၃။ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး (ပသုံးလုံး) ယန္တရားများ၏ လူထုအပေါ် ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံး ဖြေရှင်းပေးရန် တို့ ဖြစ်ပါတယ်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ရခိုင်၊ ကရင်နီ၊ ချင်း အစရှိတဲ့ ကျောင်းသားသမဂ္ဂတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ သပိတ်ကော်မတီတွေ စုစုပေါင်း ၄၀ ကျော်က ပူးပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗကသများအဖွဲ့ချုပ် အနေနဲ့လည်း ဒီသဘောထားကိုပဲ လက်ရှိအချိန်အထိ ဆက်လက်ဆွဲကိုင်ထားတယ်လို့ ၎င်းတို့ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ ထပ်မံအတည်ပြု ဖော်ပြထားပါတယ်။
သတင်း Source: ဗကသများအဖွဲ့ချုပ် (ABFSU) အပါအဝင် တော်လှန်ရေးအင်အားစု ၄၀ ကျော်၏ ပူးတွဲထုတ်ပြန်ချက်

