ဇွန် ၂၅၊ ၂၀၂၆
The Kaladan Post
ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားရဲ့ စစ်ယန္တရားအတွက် အသုံးပြုနေတဲ့ အဆောက်အအုံတွေကို ကြိုတင်လက်ဦးမှုရယူပြီး (Preemptive attacks) တိုက်ခိုက်သွားမယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလင်စကီး (Volodymyr Zelenskiy) က ဗုဒ္ဓဟူးနေ့ညပိုင်း မိန့်ခွန်းမှာ ကြေညာလိုက်ပါတယ်။ ရုရှားအစိုးရကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ရောက်လာစေဖို့ ရည်ရွယ်ပြီး ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ယူကရိန်းဘက်က တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ အခုလို ကြေညာလိုက်တာပါ။
သမ္မတ ဇီလင်စကီး က “ရုရှားက သူ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ဖို့ အသုံးပြုနေတဲ့ အဆောက်အအုံတွေအပေါ် ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်သွားဖို့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ စစ်တပ်ကို ညွှန်ကြားထားပြီးပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းရဲ့ ဒရုန်းတွေဟာ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်ရဲ့ အကြီးဆုံးမြို့မှာ လျှပ်စစ်မီးပြတ်တောက်သွားအောင် တိုက်ခိုက်ခဲ့သလို၊ ရုရှားနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းက အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းက ရုရှားရဲ့ ရေနံချက်စက်ရုံတွေနဲ့ စွမ်းအင်အရင်းအမြစ်တွေကို ဆက်တိုက်ပစ်မှတ်ထားနေတာကြောင့် ရုရှားနိုင်ငံအတွင်းမှာ လောင်စာဆီပြတ်လပ်မှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေပါတယ်။
ဒီလို ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကို ရေနံချက်စက်ရုံကြီး အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး အနည်းဆုံး ခြောက်လကြာ လည်ပတ်နိုင်မှာမဟုတ်ဘူးလို့ စက်မှုလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ဒီအခြေအနေဟာ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားတစ်ဝန်း လောင်စာဆီပြတ်လပ်မှု ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ရုရှားအစိုးရအတွက် ပိုမိုခက်ခဲရှုပ်ထွေးသွားစေပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ရှားရှားပါးပါး တရားဝင် အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလအတွင်း ရုရှားရဲ့ ရေနံထွက်ပစ္စည်းနဲ့ ကျောက်မီးသွေး (Coke) ထုတ်လုပ်မှုဟာ ယခင်နှစ်ကထက် ၁၃.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဒါဟာ ယခင်လတွေထက် ပိုမိုမြန်ဆန်တဲ့ ကျဆင်းမှုနှုန်းဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ရေနံထုတ်လုပ်တဲ့ ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ် ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ကတည်းက သူတို့ရဲ့ ရေနံထုတ်လုပ်မှုနဲ့ တင်ပို့မှု အချက်အလက်အများစုကို ထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ထားခဲ့တာ ဖြစ်ပါတယ်။
သတင်း Source: Reuters