ဇွန် ၂၅၊ ၂၀၂၆
The Kaladan Post
ဗင်နီဇွဲလားနိုင်ငံမှာ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက ပြင်းအား ၇ ဒသမ ၅ နဲ့ ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု တစ်မိနစ်ခန့်အကွာအဝေးအတွင်း ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် မြို့တော် ကာရာကပ်စ် (Caracas) အပါအဝင် ဒေသအများအပြားမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးထိခိုက်မှုတွေ အများအပြား ရှိလာနိုင်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
[အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS)] ရဲ့ ထုတ်ပြန်ချက်အရ ပထမအကြိမ်အဖြစ် ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ မြို့တော်ကာရာကပ်စ်ရဲ့ အနောက်ဘက် ၁၆၈ ကီလိုမီတာ (၁၀၄ မိုင်) အကွာက မိုရွန် (Morón) မြို့အနီး မြေအောက်အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာပါ။ အဲဒီနောက် တစ်မိနစ်ခန့်အကြာမှာပဲ မိုရွန်မြို့ အနောက်တောင်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပိုမိုပြင်းထန်တဲ့ ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ဒုတိယငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်တွေဟာ ဗင်နီဇွဲလားနိုင်ငံမှာ နှစ်ပေါင်းတစ်ရာကျော်အတွင်း လှုပ်ခတ်ခဲ့သမျှ အပြင်းထန်ဆုံးဖြစ်ပါတယ်။
ဒီငလျင်ကြောင့် မြို့တော် ကာရာကပ်စ်မှာ အဆောက်အအုံတွေ ယိမ်းထိုးခဲ့ရပြီး ပြည်သူတွေဟာ အထိတ်တလန့်နဲ့ လမ်းမတွေပေါ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ အဆောက်အအုံတချို့ဆိုရင် နံရံတစ်ခုလုံး ပြိုကျသွားတဲ့အထိ ဆိုးရွားခဲ့ပြီး ရပ်ကွက်တချို့မှာ ဖုန်မှုန့်လုံးကြီးတွေ လွင့်ပျံတက်လာတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။
မြို့ခံတစ်ဦးဖြစ်သူ ဟက်တာ ရစ်ချီ (Hector Ricci) က “ပထမတော့ အသာလေးပဲ လှုပ်တာ၊ အဲဒီကနေ တဖြည်းဖြည်း ပြင်းလာပြီး နောက်ဆုံးကျတော့ အိမ်ထဲကနေ အကုန်ထွက်ပြေးပြီး လမ်းပေါ်မှာပဲ စုနေလိုက်ရတယ်။” လို့ ပြောပါတယ်။ အခြားမြို့ခံတစ်ဦးဖြစ်တဲ့ ရိုဘာတို ဂါးမတ်စ် (Roberto Gamas) ကလည်း “အဆောက်အအုံကြီးက ဘေးဘယ်ညာကို တကယ်လှုပ်ခါသွားတာ။ မယုံနိုင်စရာပဲ။ ငလျင်အားက အင်မတန် ပြင်းထန်လွန်းတယ်။ ကျွန်တော်တို့ လမ်းလျှောက်နေတုန်း လွှင့်ပစ်သလို ခံစားရတယ်။ တော်သေးတာက ကျွန်တော်တို့ အပြင်ကို အချိန်မီ ထွက်ပြေးနိုင်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယိုစဒါဒို ကာဘယ်လို (Diosdado Cabello) ကတော့ ငလျင်ဒဏ်ကို ပြည်နယ်အတော်များများမှာ ခံစားခဲ့ရပြီး မြို့တော်က အယ်လ်တာမီရာ (Altamira) ရပ်ကွက်မှာ အဆောက်အအုံတွေ ပြိုကျမှုကြောင့် “စိုးရိမ်ဖွယ်ရာ အခြေအနေတွေ” ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ သူက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ “အချို့သူတွေ စိုးရိမ်သောကရောက်ပြီး စိတ်ပျက်အားငယ်နေကြမယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အကူအညီလိုအပ်နေသူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါပြီ။ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ကြပါ။” လို့ ပြည်သူတွေကို သတိပေး နှိုးဆော်ထားပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲငလျင် (Aftershocks) အန္တရာယ်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ အဆောက်အအုံပြင်ပမှာပဲ ဆက်နေကြဖို့နဲ့ ကယ်ဆယ်ရေးယာဉ်တွေအတွက် လမ်းဖယ်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ဒီငလျင်ကြီးကြောင့် အမေရိကန် ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဗာဂျင်ကျွန်းစု (Virgin Islands) နဲ့ ဒိုမီနီကန်သမ္မတနိုင်ငံ (Dominican Republic) တို့အတွက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ပေါ်တိုရီကို (Puerto Rico) အတွက် ထုတ်ပြန်ချက်ကိုတော့ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ပြတ်ရွေ့ကြောတွေအနီးမှာ တည်ရှိပေမယ့် တောင်အမေရိကနဲ့ ကာရစ်ဘီယံ ကျောက်ချပ်လွှာကြီးနှစ်ခု (Tectonic Plates) စပ်ကြားမှာ တည်ရှိနေတာကြောင့် ပစိဖိတ်မီးကွင်းဂဟေ (Pacific Ring of Fire) ထဲမှာပါတဲ့ အခြားလက်တင်အမေရိကနိုင်ငံတွေလောက် ငလျင်လှုပ်ခတ်လေ့ မရှိဘဲ အခုလို ပြင်းထန်တဲ့ငလျင် လှုပ်ခတ်တာဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း Source: International News Agencies