မတ် ၆

The Kaladan Post

အမေရိကန်သမ္မတ Donald Trump ၏ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အဆိုတင်ထားသည့် မဲခွဲမှုသည် အမေရိကန် အထက်လွှတ်တော်တွင် မအောင်မြင်ခဲ့ကြောင်း သိရသည်။

ရီပတ်ဘလစ်ကန်ပါတီက အများစု ထိန်းချုပ်ထားသည့် အထက်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မဲခွဲမှု၏ ရလဒ်မှာ ၅၃ မဲ ကန့်ကွက်၊ ၄၇ မဲ ထောက်ခံဖြစ်ပြီး သမ္မတ၏ စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းမှု ပျက်ကွက်သွားခဲ့သည်။ အဆိုပါ မဲရလဒ်များအရ ရီပတ်ဘလစ်ကန် အမတ်များ အများစုက အဆိုကို ကန့်ကွက်ခဲ့ကြသည်ကို တွေ့ရသည်။

ဒီမိုကရက်တစ်ပါတီဘက်မှ အမတ်များက သမ္မတ ထရမ့်သည် လွှတ်တော်၏ ထောက်ခံချက် မရရှိဘဲ အီရန်တွင် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ သမ္မတ၏ စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် မဲခွဲမှုတွင် ရီပတ်ဘလစ်ကန် အမတ်များက အဆိုကို တားဆီးနိုင်ခဲ့သည်။

တချို့ ရီပတ်ဘလစ်ကန် အမတ်များကလည်း အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် ရှည်လျားလာပါက ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။

အမေရိကန်နှင့် Israel တို့သည် Iran ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင် စစ်ရေးတိုက်ခိုက်ခဲ့ကြသည်။ အစောပိုင်းတွင် သမ္မတ ထရမ့်က စစ်ရေးပဋိပက္ခသည် လေးပတ်အတွင်း ပြီးဆုံးနိုင်ကြောင်း ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က စစ်ပွဲသည် ခန့်မှန်းအားဖြင့် ရှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

အမေရိကန် အစိုးရသည် စစ်ရေးဆိုင်ရာ တိကျသည့် အစီအစဉ်များကို လွှတ်တော်ထံ တင်ပြမည့် လက္ခဏာ မတွေ့ရသေးကြောင်းလည်း သိရသည်။

အမတ် ၁၀၀ ပါဝင်သည့် အမေရိကန် အထက်လွှတ်တော်တွင် လက်ရှိအချိန်တွင် ရီပတ်ဘလစ်ကန်ပါတီက ၅၃ နေရာကို ထိန်းချုပ်ထားပြီး ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရက်ဖက်ယိမ်း တစ်သီးပုဂ္ဂလ အမတ်များက ၄၇ နေရာကို ပိုင်ဆိုင်ထားသည်။ မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မဲပေးမှုတွင် ဒီမိုကရက်တစ် အမတ်တစ်ဦးက ကန့်ကွက်မဲ ပေးခဲ့သလို ရီပတ်ဘလစ်ကန် အမတ်တစ်ဦးက ထောက်ခံမဲ ပေးခဲ့သဖြင့် နောက်ဆုံး မဲရလဒ်သည် လွှတ်တော်အမတ်နေရာ အချိုးအစားနှင့် တူညီသည့် ၅၃–၄၇ မဲအဖြစ် ထွက်ပေါ်ခဲ့သည်။

မဲမခွဲမီ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Chuck Schumer က အရှေ့အလယ်ပိုင်းဒေသတွင် မဆုံးနိုင်သည့် စစ်ပွဲများတွင် ပါဝင်ပတ်သက်နေမှုကို စိတ်ပင်ပန်းနေကြသည့် အမေရိကန် ပြည်သူများဘက်တွင် ရပ်တည်မည်လား၊ သို့မဟုတ် နောက်ထပ် မပြီးနိုင်မစီးနိုင် စစ်ပွဲတစ်ခုကို စတင်ရန် စီစဉ်နေသော ထရမ့်အစိုးရဘက်တွင် ရပ်တည်မည်လားဆိုပြီး ရီပတ်ဘလစ်ကန် အမတ်များကို မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်ဥပဒေအရ သမ္မတသည် တရားဝင် စစ်ကြေညာခြင်းမရှိဘဲ ပြည်ပနိုင်ငံတစ်ခုကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်နိုင်သော်လည်း စစ်ဆင်ရေး စတင်ပြီး ၄၈ နာရီအတွင်း လွှတ်တော်ကို အသိပေး အစီရင်ခံရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ ထရမ့်အစိုးရသည် အဆိုပါ စည်းမျဉ်းများကို လိုက်နာခဲ့ပြီး လွှတ်တော်ခေါင်းဆောင်များထံ ကြိုတင် အသိပေးခဲ့ကြောင်း ပြောကြားထားသည်။

အမေရိကန် လွှတ်တော်သည် Vietnam War ကဲ့သို့ ရှည်ကြာသည့် စစ်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်ခြေကို ကန့်သတ်ရန် ၁၉၇၃ ခုနှစ်တွင် War Powers Resolution 1973 ကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဥပဒေအရ သမ္မတသည် စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုတစ်ခု မတိုင်မီ လွှတ်တော်ထံ ၄၈ နာရီအတွင်း အစီရင်ခံရန် လိုအပ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သော်လည်း လွှတ်တော်ကတော့ စစ်ကြေညာခြင်းနှင့် စစ်စရိတ် ခွင့်ပြုခြင်းတို့ကို ထိန်းချုပ်နိုင်သည်။ ထိုကြောင့် စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ သမ္မတနှင့် လွှတ်တော်ကြား အငြင်းပွားမှုများသည် ဆယ်စုနှစ်များစွာ ဆက်လက် ရှိနေခဲ့ကြောင်း သိရသည်။

Source – BBC News

ဓာတ်ပုံ – Getty Images