မတ် ၆
The Kaladan Post
အမေရိကန် သမ္မတ Donald Trump သည် သူ၏ အနီးကပ် ယုံကြည်ရသူတစ်ဦးဖြစ်သည့် Kristi Noem ကို ပြည်တွင်းလုံခြုံရေး ဝန်ကြီး (Department of Homeland Security) ရာထူးမှ ဖယ်ရှားလိုက်ကြောင်း မတ်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။
ထိုရာထူးအတွက် အစားထိုးအဖြစ် ရီပတ်ဘလစ်ကန်ပါတီမှ အထက်လွှတ်တော်အမတ် Markwayne Mullin ကို သမ္မတထရမ့်က ခန့်အပ်ခဲ့ပြီး ယင်းရာထူးအပြောင်းအလဲကို မတ်လ ၃၁ ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
သမ္မတထရမ့်က လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ထားသော ကြေညာချက်တွင် နိုအမ်ကို ရာထူးမှ “ထုတ်ပယ်ခြင်း” မဟုတ်ဘဲ “Shield of the Americas” ဟု အမည်ပေးထားသည့် လုံခြုံရေးအစီအစဉ်သစ်ကို ဦးဆောင်ဆောင်ရွက်ရန် တာဝန်အသစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါ အစီအစဉ်သည် အနောက်ကမ္ဘာခြမ်းရှိ နိုင်ငံများ၏ လုံခြုံရေးနှင့် နယ်စပ်ကာကွယ်ရေးကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယခုရာထူးအပြောင်းအလဲသည် ထရမ့်၏ ဒုတိယသမ္မတသက်တမ်းအတွင်း အစိုးရအဖွဲ့အတွင်း ပြုလုပ်သည့် ပထမဆုံး ကြီးမားသော ဝန်ကြီးရာထူး အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။
ထရမ့်က နိုအမ်သည် ပြည်တွင်းလုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အထူးသဖြင့် နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးကိစ္စများကို ကိုင်တွယ်ရာတွင် ထူးခြားသော ရလဒ်များ ရရှိစေခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။
သို့သော် နိုအမ်၏ လက်အောက်တွင်ရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့ဝင်များက Minneapolis မြို့တွင် အမေရိကန်နိုင်ငံသား နှစ်ဦးကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဖြစ်ရပ်ကြောင့် သူမအပေါ် နိုင်ငံရေးဖိအားများ တိုးမြင့်လာခဲ့သည်။
အိမ်ဖြူတော်အရာရှိတစ်ဦးကလည်း နိုအမ်၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုများ ရှိခဲ့ပြီး သူမသည် ခေါင်းဆောင်မှု အားနည်းချက်များကြောင့် ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်ကြောင်း NBC News သို့ ပြောကြားခဲ့ကြောင်း သိရသည်။
နိုအမ်သည် ထရမ့်အစိုးရ၏ အငြင်းပွားဖွယ် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် လွှတ်တော် ကြားနာမှုများတွင် ဒီမိုကရက်တစ်ပါတီ အမတ်များက သူမ၏ မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။
ထို့အပြင် အမေရိကန်အစိုးရ ဘတ်ဂျက်ညှိနှိုင်းမှုများ မပြီးပြတ်သေးသည့်အတွက် အစိုးရယန္တရားအချို့ကို ယာယီရပ်နားထားရသည့် ကာလအတွင်း ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၏ လုပ်ငန်းအစိတ်အပိုင်းတချို့လည်း ထိခိုက်မှုများ ကြုံတွေ့နေရချိန်တွင် ယခုလို ရာထူးအပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Source — Sky News
Photo — Reuters