ဇူလိုင် ၆၊ ၂၀၂၆
The Kaladan Post
ဇူလိုင်လ ၄ ရက်နေ့ (အမေရိကန်လွတ်လပ်ရေးနေ့) က ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ လူဖြူအစွန်းရောက်အုပ်စုရဲ့ စီတန်းလှည့်လည်မှုကို ဖက်ဒရယ်အာဏာပိုင်တွေအနေနဲ့ တားဆီးဖို့ အကြောင်းပြချက်မရှိခဲ့ဘူးလို့ အမေရိကန် ပြည်ထဲရေးဝန်ကြီး ဒေါ့ဂ်ဘာဂမ် (Doug Burgum) က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ “Patriot Front” လို့ ခေါ်တဲ့ လူဖြူအစွန်းရောက်အုပ်စုဝင် ရာနဲ့ချီဟာ မျက်နှာဖုံးတွေတပ်ပြီး မြို့တော်အတွင်း စီတန်းလမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး ဒါဟာ ဥပဒေချိုးဖောက်တာမျိုး မရှိဘူးလို့ ဝန်ကြီးက CNN သတင်းဌာနရဲ့ “State of the Union” အစီအစဉ်မှာ ရှင်းပြခဲ့ပါတယ်။
ဝန်ကြီး ဘာဂမ်က အဆိုပါအဖွဲ့ရဲ့ လူဖြူအစွန်းရောက်ဝါဒနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ သဘောထားတွေဟာ “ကျွန်တော် လုံးဝ သဘောမတူနိုင်တဲ့ အရာတွေပါ” လို့ ဆိုပေမဲ့ ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်အောက်မှာ အကာအကွယ်ရရှိထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းက ဆက်လက်ပြီး “ဒီလိုမျိုးတွေရှိနေတာဟာ ဒီမိုကရေစီကို ရှုပ်ထွေးစေတာမျိုး (messy) ရှိနိုင်ပေမဲ့ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်က National Mall မှာ သမ္မတ ထရန့်ကို ဝေဖန်ဆန္ဒပြနေသူတွေဟာလည်း ဒီလိုအခွင့်အရေးမျိုး ရရှိထားတာဖြစ်လို့ ဒီအဖွဲ့ကိုလည်း တားဆီးလို့မရဘူးလို့ ဝန်ကြီးက နှိုင်းယှဉ်ပြခဲ့ပါတယ်။
အခု စီတန်းလှည့်လည်ခဲ့တဲ့ “Patriot Front” အဖွဲ့ဟာ သူတို့ရဲ့ ဝဘ်ဆိုက်မှာ “ဒီမိုကရေစီဟာ ဒီနိုင်ငံကြီးကို ကျရှုံးစေခဲ့ပြီ” လို့ ရေးသားထားပြီး ဥရောပကနေ အခြေချနေထိုင်သူတွေရဲ့ ရိုးရာနဲ့ ကျင့်ဝတ်တွေဆီ ပြန်သွားဖို့အတွက် “အသစ်ပြန်စဖို့” လိုအပ်တယ်လို့ ဝါဒဖြန့်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဝန်ကြီး ဘာဂမ်ကတော့ အဆိုပါအဖွဲ့ကို ပြတ်ပြတ်သားသား ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပြီး ဒါဟာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကြားက ဖြစ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမ္မတထရန့်ရဲ့ လက်ထက်မှာ ဝါရှင်တန်မြို့တော်ကို ပိုမိုလှပပြီး ဘေးကင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။
အဲဒီလို လှပအောင် လုပ်ဆောင်မှုတွေထဲမှာ ဒေါ်လာ ၁၄ ဒသမ ၇ သန်း အကုန်အခံပြီး ပြုပြင်ခဲ့တဲ့ လင်ကွန်းအထိမ်းအမှတ်ဗိမာန် ရှေ့က ရေကန်ကြီး (Reflecting Pool) လည်း ပါဝင်ပါတယ်။ အဆိုပါ ရေကန်ဟာ ပြုပြင်ပြီး ရက်ပိုင်းအတွင်းမှာတင် ရေယိုစိမ့်မှုတွေနဲ့ ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ဝန်ကြီးကတော့ ဒါဟာ ဖျက်ဆီးလိုသူတွေကြောင့် ဖြစ်ရတာလို့ သမ္မတထရန့်ရဲ့ ပြောဆိုချက်အတိုင်း ထပ်ဆင့်ပြောကြားခဲ့ပါတယ်။ ပြုပြင်ရေးလုပ်ငန်းကို တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်ရခဲ့တဲ့ ကုမ္ပဏီကပဲ ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပြီး အဆိုပါကုမ္ပဏီဟာ “အရမ်းကို ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့တာပါ” လို့လည်း ဝန်ကြီး ဘာဂမ်က ခုခံကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
သတင်း Source: Reuters