စဉ့်ကူးတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ပြည်သူ ၇ ဦးဒဏ်ရာရရှိ

ဇွန် ၂၄
The Kaladan Post
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် မြေနုကျေးရွာတွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က ထုံးကြီးကျေးရွာ၌ အထိုင်ချထားတဲ့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်နှစ်လုံးသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဒဏ်ရာရသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသပေးထားကြောင်းနှင့် ကျေးရွာနေပြည်သူအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေ ရကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
ကျေးရွာအတွင်း လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အသက် ၆၈ နှစ်အရွယ် ဒေါ်ပုံ၊ အသက် ၄၇ နှစ်အရွယ် ကိုအောင်ကိုမင်း၊ အသက် ၄၃ နှစ်အရွယ် မဝေဝေလွင်၊ အသက် ၁၃ နှစ်အရွယ် မဇင်ယမုံ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မြင့်မြင့်ခိုင်၊ အသက် ၁ နှစ်အရွယ် မနဒီထွေးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရပါတယ်။
အလားတူ ချင်းပြည်နယ်ရှိ မင်းတပ်မြို့နယ်ကိုလည်း စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်မှစတင်ကာ နေပြည်တော် အေလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးက မင်းတပ်မြို့အနီးသို့ ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး တံတားလေတပ်မှ ထွက်ခွာလာသည့် Y-12 လေယာဉ်ကလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်းဒေသများသို့ ဗုံးအလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။

 

#စဉ့်ကူးမြို့နယ်#မင်းတပ်မြို့နယ်#လေကြောင်းတိုက်ခိုက်မှု#မန္တလေးနှင့်ချင်းပြည်နယ်သတင်း

ဖမ်းဆီးခံရဲဘော်များ ဖုန်းကို အသုံးပြုပြီး စစ်တပ်က ထောင်ချောက်ဆင်ဖမ်းဆီးနေ

ဇွန် ၂၄
The Kaladan Post
ရှမ်းပြည်နယ် အင်းလေးဒေသတွင် လှုပ်ရှားနေသည့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် (၁၀၀၉) တပ်ရင်းက ဖမ်းဆီးခံထားရသည့် ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်းနှင့် ရဲဘော် AD (ခ) ကောင်းစည်သူတို့၏ ဖုန်းများကို စစ်ကောင်စီဘက်က အသုံးပြုကာ တော်လှန်ရေးရဲဘော်များ နှင့် ဆက်စပ်သူများအား ထောင်ချောက်ဆင် ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း အရေးပေါ်သတိပေးချက် ထုတ်ပြန်လာပါတယ်။
အဆိုပါ ထောင်ချောက်ဆင် ဆက်သွယ်မှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် CDM ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦးမှာ ဇွန်လ ၁၉ ရက် ညပိုင်းတွင် အင်းလေးဒေသ သို့ ပြန်လာစဉ် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်းနှင့် လက်ရှိတွင် တောင်ကြီးမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ (စရဖ) ၌ ထိန်းသိမ်းထားပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်ရင်း၏ အတွင်းသတင်းရင်းမြစ်များကို ကိုးကား၍ ထုတ်ပြန်ပြောဆိုထားပါတယ်။
ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် ဖမ်းဆီးခံရသူများ၏ ဖုန်းဖြင့် ဆက်သွယ်လာခြင်း၊ ချိန်းဆိုမှုများ ရှိလာပါက စစ်တပ် ထောင်ချောက်ဖြစ်နိုင်ကြောင်း သတိပြုကာ ဘေးလွတ်ရာသို့ အမြန် ရှောင်တိမ်းကြရန် တိုက်တွန်းပြောဆိုထားပါတယ်။ ထို့ပြင် ရန်သူဘက်သို့ သတင်းပေးနေသူများနှင့် တော်လှန်ရေးအင်အားစုများကို ဒုက္ခပေးနေသူများအား ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ဟု တပ်ဖွဲ့က အသိပေးထားပါတယ်။
ဖမ်းဆီးခံထားရသည့် ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်းနှင့် ရဲဘော် AD (ခ) ကောင်းစည်သူတို့ ကို ဇွန်လ ၂၂ ရက်နေ့တွင် အင်းလေးရွာမသို့ ပြန်လည်ပို့ဆောင်ထားကြောင်း တပ်ရင်းက ထုတ်ပြန် ပြောဆိုထားပါတယ်။

#အင်းလေးဒေသ#IPDF1009တပ်ရင်း#CDMကျန်းမာရေးဝန်ထမ်း#တော်လှန်ရေးရဲဘော်များ

စစ်တပ်နှင့် ပူးပေါင်းဆက်နွှယ်သူများကို ထိရောက်စွာ အရေးယူမည်ဟု KIA တပ်ရင်း (၁၂) သတိပေး

ဇွန် ၂၄
The Kaladan Post
ကချင်ပြည်နယ် ရွှေကူခရိုင်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ -၁၁ လက်အောက်ခံတပ်ရင်း -၁၂ က စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်ခြင်း၊ သတင်းပေးခြင်း၊ သတင်းယူခြင်းနှင့် သူလျှိုလုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် ဇွန်လ ၂၃ ရက်နေ့တွင် သတိပေး ပြောဆိုထားပါတယ်။
ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများ၊ ရွှေတူးလုပ်ငန်းနှင့် သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIA တပ်ရင်း (၁၂) က သတိပေးပြောဆိုထားတာဖြစ်ပါတယ်။
ရွှေကူမြို့နယ်အတွင်း မေလအစပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာနေသဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေ ကြောင်း သိရပါတယ်။
စစ်ရေးအခြေအနေများကြောင့် KIA နှင့် KPDF တပ်ဖွဲ့များက ဒေသတွင်းလမ်းပိုင်းအချို့ကို ပိတ်ထား သလို ရွှေကူမြို့ပေါ်ရှိ ပြည်သူများကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင် ရန် အသိပေးထားကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များသည် တော်လှန်ရေးတပ်ဖွဲ့အသွင် ယူဆောင် လှုပ်ရှားနေမှုများရှိနိုင်သဖြင့် သတိထားကြရန် နှိုးဆော်ပြောဆိုထားပါတယ်။

#ရွှေကူမြို့နယ်#KIAတပ်ရင်း၁၂#ကချင်ပြည်နယ်#စစ်ရေးတင်းမာမှု#ရွှေကူသတင်း

 


မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို စစ်တပ်က ၁ ရက်အတွင်း ၆၀ ကျော် လေကြောင်းတိုက်ခိုက်

ဇွန် ၂၄
The Kaladan Post
ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ လေကြောင်းဖြင့် စုစုပေါင်း ၆၆ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် များက ပြောဆိုထားပါတယ်။
မင်းတပ်မြို့အနီးသို့ နေပြည်တော် အေလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးက ဗုံးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သလို တံတားဦးလေတပ်မှ ထွက်ခွာလာသည့် Y-12 လေယာဉ်ကလည်း မင်းတပ်မြို့နယ်အရှေ့ခြမ်းသို့ ဗုံးအလုံး ၃၀ ကျော် ကျဲချခဲ့ကြောင်း သိရပါတယ်။
အလားတူ ကန်ပက်လက်မြို့နယ်ကိုလည်း ဂျက်ဖိုက်တာနှစ်စီးနှင့် Y-12 လေယာဉ်တစ်စီးတို့ဖြင့် ဗုံး ၂၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ ဆက်တိုက်ဖြစ်ပွားနေပြီး ဇွန်လ ၁၇ ရက်နေ့တွင် မင်းတပ်မြို့နယ်အရှေ့ပိုင်းဒေသကို Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးအလုံး ၇၀ ကျော် ကြဲချခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ပြောဆိုချက်အရ သိရပါတယ်။
မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် မေလလယ်ပိုင်းမှစတင်၍ စစ်တပ်က ထိုးစစ်လာသဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရကြောင်း သိရပါတယ်။
ထို့အပြင် စစ်တပ်သည် မင်းတပ်မြို့နယ်တစ်ခုတည်းကို နှစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ အထိ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုအများစုမှာ အရပ်သားအဆောက်အအုံများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က ဇွန်လ ၂၂ ရက်နေ့က အသိပေးထားပါတယ်။
လေကြောင်းစစ်ဆင်ရေး ၁၆၈ ကြိမ်အနက် ၄၅ ရာခိုင်နှုန်းမှာ လေးရက်အတွင်း ဖြစ်ပွားခဲ့ကြောင်းနှင့် လူသူကင်းမဲ့နေသော မြို့ရွာများနှင့် အရပ်သားအဆောက်အအုံများကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေခြင်းသည် ဒေသခံပြည်သူများအပေါ် စုပေါင်းအပြစ်ပေးခြင်းနှင့် လက်စားချေခြင်းအဖြစ် စိုးရိမ်ဖွယ်ရှိကြောင်း CHRO က ထုတ်ပြန်ပြောဆိုထားပါတယ်။

#မင်းတပ်မြို့နယ်#ကန်ပက်လက်မြို့နယ်#ချင်းပြည်နယ်#လေကြောင်းတိုက်ခိုက်မှု
#CHROသတင်းထုတ်ပြန်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် စစ်တပ်က အသုံးချဟု ကင်မ်အဲရစ် သတိပေး

ဇွန် ၂၄
The Kaladan Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းထံမှ နိုင်ငံရေးအရ အလျှော့အတင်းတောင်းခံရန်နှင့် ၎င်းတို့၏ တာဝန်ခံမှုများကို ဖုံးကွယ်နိုင်ရန်အတွက် “နိုင်ငံရေးဓားစာခံ” အဖြစ် အသုံးချနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) မှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် သတိပေးပြောဆိုထားပါတယ်။
အဆိုပါတွေ့ဆုံမှုသည် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ လွှတ်တော်အမတ်ဟောင်းနှင့် လက်ရှိလွှတ်တော်အမတ် ၁၃၄ ဦး လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာ ထွက်ပေါ်လာပြီးနောက် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ကင်မ်အဲရစ်က အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေနှင့် တည်ရှိရာနေရာကို လွတ်လပ်သည့်အဖွဲ့အစည်းများက အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနှင့် လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့်က ရရှိခဲ့သည့် စာတစ်စောင်မှလွဲ၍ အဆက်အသွယ်အားလုံး ပြတ်တောက်နေကြောင်းလည်း ထည့်သွင်း ပြောဆိုထားပါတယ်။
ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံများမှ လွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ဖိအားပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုထားပါတယ်။
မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်သည် မိသားစုတစ်စုတည်း၏ မျှော်လင့်ချက် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် မြန်မာပြည်သူ သန်းပေါင်းများစွာ၏ မျှော်လင့်ချက်ဖြစ်ကြောင်း ကင်မ်အဲရစ်က ပြောဆိုထားပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်#ကင်မ်အဲရစ်#နိုင်ငံရေးအကျဉ်းသားများ#APHR#မြန်မာ့ဒီမိုကရေစီ

 


ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် မြိုင်မြို့နယ်ကို စစ်တပ်က ဆက်တိုက် လေကြောင်းတိုက်ခိုက်

ဇွန် ၂၄
The Kaladan Post
မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်တောင်ပိုင်းတွင် Mi-17 ရဟတ်ယာဉ်အား တော်လှန်ရေးတပ်ဖွဲ့ များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က Y-12၊ ဂျက်ဖိုက်တာနှင့် Mi-35 တိုက်ခိုက် ရေးရဟတ်ယာဉ်များ အသုံးပြုကာ ကျေးရွာများကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများ က ပြောဆိုထားပါတယ်။
စစ်ကောင်စီ၏ တပ်မ ၁၀၁ နှင့် တပ်မ ၉၉ ပူးပေါင်းစစ်ကြောင်းများကလည်း အင်အားရာနှင့်ချီ၍ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာများအတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။
စစ်ကြောင်းများဖြတ်သန်းရာတွင် အရပ်သားငါးဦး သတ်ဖြတ်ခံခဲ့ရပြီး အိုရင်းကျေးရွာရှိ နေအိမ်အချို့ လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် တွင်းမပျူစောထီးရွာသို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း မြိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေ ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။

#မြိုင်မြို့နယ်#မကွေးတိုင်း#လေကြောင်းတိုက်ခိုက်မှု#ပခုက္ကူခရိုင်#စစ်ရေးတင်းမာမှု

 


ပခုက္ကူခရိုင်အတွင်း တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ထက်မနည်း သေဆုံး

ဇွန် ၂၄
The Kaladan Post
မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း စစ်ကောင်စီ၏ တပ်မ ၁၀၁ မှ အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာမှုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပခုက္ကူမြို့နယ်မှစတင်ကာ မြိုင်မြို့နယ်အတွင်းအထိ ဆက်တိုက်တိုက်ခိုက်ခဲ့ရာ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း Magway-PDF က ထုတ်ပြန်ပြောဆိုထားပါတယ်။
မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအနီးတွင် အထိနာခဲ့သည့် စစ်ကြောင်းမှာ တွင်းမပျူစောထီးစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သယ်ဆောင်ရန် ရောက်ရှိလာသည့် Mi-17 ရဟတ်ယာဉ်တစ်စီးကိုလည်း ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုထားပါ တယ်။
စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် အရပ်သားငါးဦးကို သတ်ဖြတ်ခဲ့သဖြင့် နေအိမ်အလုံး ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွင် Magway-PDF၊ မကွေးဖက်ဒရယ်ယူနစ်၊ BPLA၊ ABSDF နှင့် ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြို ပကဖများအပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြောင်း နှင့် စစ်ကောင်စီဘက်မှ အင်အားထပ်မံဖြည့်တင်းလာနေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်ကြောင်း Magway-PDF က သတိပေးပြောဆိုထားပါတယ်။

#ပခုက္ကူခရိုင်#မြိုင်မြို့နယ်#MagwayPDF#မကွေးတိုင်း#တော်လှန်ရေးသတင်း

တစ်လနီးပါးကြာ စစ်ဆင်ရေးအတွင်း စစ်တပ် ၁၀ ဦးထက်မနည်း သေဆုံး

ဇွန် ၂၄
The Kaladan Post
ပခုက္ကူတပ်မ (၁၀၁) လက်အောက်ခံ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းများမှ မြိုင်မြို့နယ် လင်းကတောခွေးခြံသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် မေ ၂၀ ရက်မှ ဇွန် ၁၇ ရက်အထိ တစ်လနီးပါးကြာ မိုင်းဆွဲတိုက်ခိုက်မှုများ၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများအပြင် ထိတွေ့တိုက်ပွဲများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ က အသိပေးထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအချက်အလက်များကို ထွက်ပြေးအလင်းဝင်ရောက်လာသည့် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရှိရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းစစ်ဆင်ရေးများကို မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ မြိုင်-ပကဖ၊ MGY-PDF၊ မကွေးတိုင်း-ပကဖ စစ်ကြောင်း(၄)၊ ပခုက္ကူခရိုင်-ပကဖ၊ ရေစကြိုတပ်ပေါင်းစု၊ MRG မြေလတ်ပြောက်ကြားတပ်ဖွဲ့၊ ဗမာ့ဒေါင်း မြိုင်-ပကဖ၊ မန်ကျည်းရိပ်-ပကဖနှင့် ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၁၅၊ ၁၇) တပ်ရင်းများ အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

#မြိုင်မြို့နယ်#ပခုက္ကူတပ်မ၁၀၁#မကွေးတိုင်းစစ်ရေး#တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ
#မြန်မာစစ်ရေးသတင်း