ဩဂုတ် ၂၂၊ ၂၀၂၆
The Kaladan Post
တရုတ်နိုင်ငံ၏ အကြီးဆုံး မော်တော်ယာဉ် တင်ပို့သူ Chery ကုမ္ပဏီ၏ လက်အောက်ခံ ရိုဘော့တစ် လုပ်ငန်းတစ်ခုဖြစ်သည့် AiMOGA သည် နည်းပညာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စတော့ရှယ်ယာ ထုတ်ရောင်းရန် (IPO) ပြင်ဆင်နေကြောင်း အဆိုပါ လုပ်ငန်း၏ အကြီးအကဲဖြစ်သူက ပြောကြားလိုက်ပါတယ်။
Chery International ဥက္ကဋ္ဌလည်းဖြစ်သူ ဇန်းဂွိုင်ဘင်း (Zhang Guibing) က “ကျွန်တော်တို့ အခု လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး ရှယ်ယာ ထုတ်ရောင်းမယ့် နေရာအချို့နဲ့လည်း ဆွေးနွေးနေပါတယ်” ဟု ဗေဂျင်းမြို့၌ ကျင်းပသည့် ကမ္ဘာ့ရိုဘော့ညီလာခံတွင် ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီအနေဖြင့် လာမည့်နှစ်တွင် ကမ္ဘာတစ်ဝန်းသို့ ရိုဘော့စီးရေ ၁၀,၀၀၀ ပို့ဆောင်ရန်နှင့် “ကမ္ဘာ့ထိပ်တန်း” ရိုဘော့တစ် ကုမ္ပဏီများအကြား ပါဝင်လာရန် ရည်မှန်းထားပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည့် AiMOGA သည် ကမ္ဘာတစ်ဝန်းသို့ ရိုဘော့စီးရေ ၃,၀၀၀ ကျော် ပေးပို့ထားပြီး ဖြစ်ပါတယ်။ ကုမ္ပဏီသည် ရဲတပ်ဖွဲ့သုံး လူတူရိုဘော့ ၁၁၀ စီးကို တရုတ်မြို့ကြီးများတွင် တပ်ဖြန့်ထားပြီး ရာသီဥတု ပြင်းထန်သည့် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ ဒေသများသို့ တိုးချဲ့ ရောင်းချရန် ပစ်မှတ်ထားလျက် ရှိကြောင်း သိရပါတယ်။
Source – Reuters