ဩဂုတ် ၁၉၊ ၂၀၂၆
The Kaladan Post
ဆီးရီးယား အနောက်မြောက်ပိုင်းရှိ လေတပ်စခန်းတစ်ခုကို အစ္စရေးက အင်္ဂါနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အဆိုပါ တိုက်ခိုက်မှုကို “မလိုလားအပ်သော တင်းမာမှု မြင့်တက်စေခြင်း” ဟုဆိုကာ တူရကီနှင့် အမေရိကန်တို့က ဝေဖန် ရှုတ်ချလိုက်ပါတယ်။
အလက်ပိုမြို့အနီးရှိ အဘူအယ်လ်ဒူဟူး (Abu al-Duhur) လေတပ်စခန်း၏ ပြေးလမ်းနှင့် သိုလှောင်ရုံများကို အစ္စရေးက ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရပါတယ်။ အမေရိကန် သံအမတ် တွမ် ဘာရက်ခ် (Tom Barrack) က “အဘူအယ်လ်ဒူဟူး လေတပ်စခန်းအပေါ် အတည်ပြုခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ရှေ့မရှုဘဲ မလိုလားအပ်တဲ့ တင်းမာမှု မြင့်တက်စေတာကြောင့် အလွန် စိုးရိမ်မိပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ၏ ရုံးက အဆိုပါ လေတပ်စခန်းတွင် တူရကီ တပ်ဖွဲ့ဝင်များ တပ်ဖြန့်ခွင့်ပြုခြင်းဖြင့် ဆီးရီးယားက လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေသည်ဟု ဆိုပါတယ်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အစ္စရေး၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအနေဖြင့် ပိုမို ပြတ်သားသည့် ရပ်တည်ချက်ယူရန် တိုက်တွန်းထားပါတယ်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး အာဆာဒ် အယ်လ်ရှီဘာနီ (Assad al-Shibani) က “ဒီတိုက်ခိုက်မှုတွေမှာ လုံခြုံရေးဆိုင်ရာ ဆင်ခြင်ပြစရာ မရှိပါဘူး… အစ္စရေးအနေနဲ့ ဒီမူဝါဒကို စွန့်လွှတ်ပြီး ဆီးရီးယားအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်သွားအောင် ကျွန်တော်တို့ သံတမန်နည်းလမ်းနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
Source – Reuters