မင်းအောင်လှိုင် သမ္မတအသွင်ပြောင်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပိုမိုဆိုရွားဟု သတိပေး

ဇူလိုင် ၂၉
The Kaladan Post
မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် စစ်တပ်ရဲ့ စစ်ဆင်ရေးပုံစံတွေ ပြောင်းလဲလာပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ဖိနှိပ်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့ နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ ACLED ရဲ့ ဇူလိုင် ၂၇ ရက်က အသိပေး ဖော်ပြထားပါတယ်။ ACLED ရဲ့ အစီရင်ခံစာမှာ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းနီးပါးဟာ အညာဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပြီးနောက် စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် ၂ စီးကနေ ၅ စီးအထိ အသုံးပြုပြီး ပစ်မှတ်တစ်ခုတည်းကို စုပြုံဗုံးကြဲတိုက်ခိုက်တဲ့ နည်းဗျူဟာကို ပိုမိုအသုံးပြုလာတယ်လို့ ACLED က သုံးသပ်ထားပါတယ်။
လက်ရှိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်း၊ ကရင်၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး အရှေ့ခြမ်းဒေသတွေကို အဓိကထားပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာ နယ်မြေတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အညာဒေသမှာ မီးရှို့ဖျက်ဆီးမှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုမိုများပြားလာပြီး ၂၀၂၁ ခုနှစ်ကစပြီး စစ်တပ်ရဲ့ မီးရှို့မှုတွေကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၁၂၅,၀၀၀ ကျော် ပျက်စီး ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။ အောက်တိုဘာလနောက်ပိုင်း မိုးရာသီကုန်ဆုံးချိန်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ မြင့်တက်လာနိုင်ပြီး အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ACLED ကသတိပေးထားပါတယ်။
#MyanmarCrisis #MyanmarMilitary #ACLED #Airstrikes #HumanRights #BreakingNews

BGF ဗိုလ်မှူးချုပ် စောမုတ်သုန်ကို ဖမ်းဝရမ်းထုတ်ထားသည်ဟု ဆို

ဇူလိုင် ၂၉
The Kaladan Post
ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက မြဝတီဒေသရှိ BGF ဗိုလ်မှူးချုပ် စောမုတ်သုန်အား လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဖွဲ့စည်းမှု စွပ်စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားသည်ဟု ဖော်ပြထားသည့် စာရွက်စာတမ်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပါတယ်။
အဆိုပါ စာရွက်စာတမ်းများအရ ထိုင်း DSI ၏ ကာလရှည်စုံစမ်းစစ်ဆေးမှုများနှင့် သက်သေအထောက် အထားများအပေါ် အခြေခံ၍ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ် အဖွဲ့အစည်းတွင် ပါဝင်မှုနှင့် ရာဇဝတ်ကျူးလွန်သူများကို ကူညီပံ့ပိုးမှုတို့ဖြင့် စွပ်စွဲထားကြောင်း ဖော်ပြထားပါတယ်။
သို့သော် လက်ရှိအချိန်အထိ ထိုင်း DSI၊ တရားရေးဝန်ကြီးဌာန သို့မဟုတ် ထိုင်းနိုင်ငံ၏ သတင်းမီဒီယာ များက ယင်းဖမ်းဝရမ်းနှင့်ပတ်သက်ပြီး တရားဝင် အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးဘဲ သက်ဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက် လိုအပ်သေးတယ်လို့ သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
ထိုင်းအာဏာပိုင်များသည် မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသများအတွင်း ဖြစ်ပွားနေသော ကျားဖြန့်၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များကို နှိမ်နင်းရေး စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်ဆောင်ရွက်နေပြီး Interpol Red Notice ထုတ်ပြန်မည့်အခြေအနေများကိုလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။
ယခုကိစ္စနှင့်ပတ်သက်၍ ဖမ်းဝရမ်း၏ တရားဝင်အတည်ပြုမှု၊ နောက်ဆက်တွဲ ဥပဒေလုပ်ငန်းစဉ်များ နှင့် ထိုင်းအစိုးရ၏ တရားဝင်ကြေညာချက်များ ထွက်ပေါ်မှသာ အတည်ပြုရမည်လို့ ဆိုပါတယ်။
#ထိုင်းနိုင်ငံ #BGF #DSI #လူကုန်ကူးမှု #နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု #BreakingNews #CrimeNews

လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး KNLA ထံ လက်နက်ချ

ဇူလိုင် ၂၉
The Kaladan Post
ကရင်ပြည်နယ် မြဝတီတောင်ဘက် လေးကေကော်၊ ရဲကုန်းဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန် နေစဉ် စစ်ကောင်စီတပ် ခမရ-၅၅၇ မှ တပ်သား ၂ ဦးသည် ဇူလိုင် ၂၈ ရက်နေ့တွင် လက်နက် ၃ လက် နှင့် ခဲယမ်းအချို့ကို ယူဆောင်ကာ KNLA တပ်ရင်း (၂၇) ထံ အလံဖြူထောင်၍ လာရောက်လက်နက်ချခဲ့ ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
လက်နက်ချလာသူများ၏ ပြောကြားချက်အရ စစ်ကောင်စီဘက်တွင် ထိခိုက်ဆုံးရှုံးမှုများပြားနေပြီး ရှေ့တန်းသို့ ဆက်လက်ထိုးစစ်ဆင်လိုသည့် တပ်ဖွဲ့ဝင်များ နည်းပါးလာသလို ကျဆုံးသူများ၏ ရုပ် အလောင်းများကိုပင် ပြန်လည်သယ်ယူနိုင်ခြင်း မရှိသည့်အခြေအနေများ ရှိနေကြောင်း သိရပါတယ်။
KNLA တပ်ရင်း (၂၇) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက လက်နက်ချဝင်ရောက်လာသူ နှစ်ဦးအား ဆုငွေချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် တွေ့ရပြီး၊ ယခင်ရက်ပိုင်းက လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ထားပါတယ်။
လက်ရှိ မြဝတီတောင်ဘက်ဒေသတွင် စစ်ကောင်စီတပ်၊ DKBA အဖွဲ့ဝင်အချို့၊ BGF တပ်နယ် (၄) နှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်များက ဆိုထားပါတယ်။
#မြဝတီ #လေးကေကော် #KNLA #ကရင်ပြည်နယ် #စစ်ရေးသတင်း #KarenState #WarNews

ဖလူးလေး ကျားဖြန့်စခန်းများ စီးနင်းခံရပြီးနောက် တပ်ဖွဲ့ဝင်များ မပါဝင်ရန် DKBA ဗဟို ညွှန်ကြား

ဇူလိုင် ၂၉
The Kaladan Post
မြဝတီမြို့နယ် ဖလူးလေးကျေးရွာအရှေ့ဘက်ရှိ DKBA ထိန်းချုပ်နယ်မြေအတွင်း ရှိသည့် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) စခန်းများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးတင်းမာမှုများအတွင်း DKBA တပ်ဖွဲ့ဝင်များ မည်သည့်အခြေအနေမျိုးနှင့်မျှ ပါဝင်ပတ်သက်ခြင်း မပြုရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီက အရေးပေါ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ယခုစီးနင်းမှုကြောင့် DKBA နှင့် ဆက်နွယ်သည့် ကျားဖြန့်လုပ်ငန်းများ၏ စီးပွားရေးအကျိုးစီးပွား ထိခိုက်သွားပြီး အောက်ခြေတပ်ဖွဲ့ဝင်များအကြား မကျေနပ်မှုများ မြင့်တက်လာနိုင်သဖြင့် ဗဟို ခေါင်းဆောင်ပိုင်းက အခြေအနေကို ကြိုတင်ထိန်းချုပ်ရန် ယခုညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က သုံးသပ်ထားပါတယ်။
ထို့ပြင် DKBA ဗဟိုအနေဖြင့် စစ်ကောင်စီနှင့် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်စေရန်၊ ရှိပြီးသား ဆက်ဆံရေးနှင့် အကျိုးစီးပွားများ မထိခိုက်စေရန် ရည်ရွယ်ချက်များလည်း ပါဝင်နိုင်ကြောင်း နိုင်ငံရေး နှင့် စစ်ရေးစောင့်ကြည့်သူများက သုံးသပ်ထားပါတယ်။ ယခုဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် DKBA အတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာနိုင်ပြီး မြဝတီနယ်စပ်ဒေသ၏ လုံခြုံရေးနှင့် စစ်ရေးအခြေအနေများလည်း ပြောင်းလဲလာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေပါတယ်။
အဆိုပါထုတ်ပြန်ချက်ဟာ မြဝတီမြို့နယ်တောင်ဘက်တွင် စစ်ရေးတင်းမာလျက်ရှိသော မြဝတီ-ဝေါလေ စစ်ကြောင်းပေါ်ရှိ ဖလူးလေးကျေးရွာ အရှေ့ဘက် တောင်ကြားအတွင်း တည်ရှိသည့် တရားမဝင်အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းခွင်တစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၆၀၀ ကျော် အပါအဝင် လူပေါင်း ၈၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်စခန်းကို တရုတ် မာဖီးယားဂိုဏ်းက ဦးဆောင်လည်ပတ်နေပြီး BGF က လုံခြုံရေးပေးထားသလို ရရှိလာတဲ့ ဒေါ်လာသန်းပေါင်းများစွာကို Cryptocurrency ကနေတစ်ဆင့် လွှဲပြောင်းနေတဲ့ လမ်းကြောင်းတွေကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဂျာမန်အခြေစိုက် DW သတင်းဌာနရဲ့ ဖော်ထုတ်ချက်အရ သိရပါတယ်။ #DKBA #မြဝတီ #ဖလူးလေး #ကျားဖြန့် #စစ်ရေးသတင်း #BreakingNews #KarenState

ညောင်ဦးလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဇူလိုင် ၂၉
The Kaladan Post
Brave Warriors for Myanmar (BWM) အဖွဲ့က ဇူလိုင် ၂၈ ရက် ညပိုင်းတွင် မန္တလေးတိုင်း ညောင်ဦးလေဆိပ်အတွင်းရှိ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ Gyrocopter များနှင့် စက်သုံးဆီလှောင်ကန်များကို ရည်ရွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ဆင်ရေးကို Mission 57 အဖြစ် အကောင်အထည်ဖော်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ရှော့တိုက်ဒုံး ၈ လုံးပစ်ခတ်ခဲ့ရာ ၅ လုံးမှာ ပစ်မှတ်ဧရိယာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ အဆိုပါစစ်ဆင်ရေးကို NMD-PDF၊ Infinity (အညာ) နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
BWM က စစ်ကောင်စီသည် မေလကုန်ပိုင်းမှစတင်၍ မကွေးလေတပ်စခန်းမှ Mi-35 ရဟတ်ယာဉ် များနှင့် Gyrocopter များကို ညောင်ဦးလေဆိပ်သို့ ပြောင်းရွှေ့အခြေပြုကာ မကွေးတိုင်းအတွင်းရှိ မြို့နယ်များနှင့် ချင်းတောင်၊ ကျောက်ထုဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ယင်းစစ်ရေးပစ်မှတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများကို ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း BWM က ထုတ်ပြန်တိုက်တွန်းထားပါတယ်။
#BWM #ညောင်ဦးလေဆိပ် #စစ်ရေးသတင်း #မန္တလေးတိုင်း #BreakingNews #MyanmarNews
#ResistanceNews #Airstrike #Mission57 #ConflictUpdate

သာစည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၉
The Kaladan Post
မန္တလေးတိုင်း သာစည်မြို့နယ် ကြပ်စခန်းကျေးရွာအနီး ဒေသအခေါ် မြစ်ဆုံနေရာ၌ စစ်တပ်စစ်ကြောင်း က အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံထားရကြောင်း ဒေသသတင်း ရင်းမြစ်က ပြောဆိုထားပါတယ်။ ယင်းဖြစ်စဉ်သည် တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလော်ဘီတွေကမူ စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တွေ့ရှိခဲ့သည်ဟု ဝါဒဖြန့် ရေးသားကြပါတယ်။
ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသတွင်း တရားမဝင် ကျောက်မီးသွေးလုပ်ငန်းများနှင့် လုံခြုံရေး အခြေအနေတို့ ဆက်နွှယ်နိုင်သည်ဟု လူမှုကွန်ရက်ပေါ်တွင် ထင်မြင်ချက်များ ထွက်ပေါ်နေသော်လည်း ယင်းအချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထို့ပြင် တနင်္သာရီတိုင်း ပုလောမြို့နယ် ဘိုင်းပြင်ကျေးရွာတွင် စစ်ကြောင်းပြန်ဆုတ်သွားသည်ဟု ယူဆကာ နေအိမ်သို့ စားနပ်ရိက္ခာပြန်ယူရန် ဝင်ရောက်ခဲ့သည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသည် စစ်တပ်လှည့်ကင်းနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းကို နောက်ပိုင်းတွင် ရွာသားများက တွေ့ရှိကာ ကျေးရွာသင်္ချိုင်းတွင် သဂြိုဟ်ပေးခဲ့ကြောင်း သိရပါတယ်။
ဘိုင်းပြင်ကျေးရွာသည် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည့် ဒေသဖြစ်ပြီး လုံခြုံရေးအခြေအနေ မတည်ငြိမ်သေးသဖြင့် ဒေသခံအများအပြားမှာ စစ်ဘေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။
#တနင်္သာရီတိုင်း #ပုလော #စစ်ဘေးရှောင် #သာစည် #မန္တလေးတိုင်း #BreakingNews


ရုံးစည်ကြီးတိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီးရဲဘော် စွန်ရဲမ သေနတ်ကျည်ထိမှန် သေဆုံး

ဇူလိုင် ၂၉
The Kaladan Post
မန္တလေးတိုင်း တောင်သာမြို့နယ်တွင် ရုံးစည်ကြီးတိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီးရဲဘော် အမရာမောင် (ခ) စွန်ရဲမသည် ဇူလိုင် ၂၈ ရက် ညပိုင်းက သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရပြီး၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ခင်ပွန်းက လူမှုကွန်ရက်မှတစ်ဆင့် သေဆုံးမှုကို အတည်ပြုရေးသားထားသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက တရားဝင်ထုတ်ပြန်ချက် မထုတ်ပြန်ရသေးကြောင်း သိရပါတယ်။
စစ်ဆေးရေးဂိတ်အနီးတွင် ရဲဘော်နှစ်ဦး စကားများရာမှ သေနတ်ကို လုယူနေစဉ် မတော်တဆ ကျည်ထွက်ခဲ့ပြီး အမရာမောင် (ခ) စွန်ရဲမကို ထိမှန်ခဲ့ကာ ဆေးကုသရန် ပို့ဆောင်နေစဉ် သေဆုံးခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်သူနှစ်ဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားပါတယ်။
လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုဖြစ်သည်ဟု စစ်တပ် ထောက်ခံသူများ၏ သွေးခွဲရေးသားမှုများလည်း ထွက်ပေါ်နေသလို ယင်းအချက်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်နှင့် စုံစမ်းစစ်ဆေးမှုရလဒ်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ပါတယ်။
အမရာမောင် (ခ) စွန်ရဲမသည် ရုံးစည်ကြီးတိုက်နယ် ပကဖ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပုပ္ပါးဒေသ အရှေ့ဘက်ခြမ်းတွင် လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ကာ ၎င်း၏ သေဆုံးမှုအတွက် တော်လှန်ရေး ရဲဘော်များက လူမှုကွန်ရက်များပေါ်တွင် ဝမ်းနည်းကြောင်း ရေးသားဂုဏ်ပြုနေကြပါတယ်။
#တောင်သာ #ပကဖ #မန္တလေးတိုင်း #MyanmarNews #BreakingNews