Operation Su’ နှင့် ‘နှင်းဆီနီ’ စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ဟု မကွေးတိုင်း ပကဖ ထုတ်ပြန်

 

ဇွန် ၂၀

The Kaladan Post

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ရည်မှန်း၍ “Operation Su” နှင့် “နှင်းဆီနီ” အမည်ဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ကြောင်း ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါနှင့် မကွေးခရိုင်များအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများကို ပြောက်ကျားစစ်နည်းလမ်းများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်နေကြောင်း ဖော်ပြထားသည်။

စစ်ဆင်ရေးများအတွင်း နတ်မောက်မြို့အနီးရှိ ပိတောက်ငုတ် ပျူစောထီးကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဘန်ကာများ ဖျက်ဆီးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။ ထို့ပြင် အောင်လံမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်အချို့ သေဆုံးထိခိုက်ခဲ့ပြီး လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Operation Su” စစ်ဆင်ရေး၏ ပထမအဆင့်အဖြစ် မြိုင်၊ ပေါက်နှင့် အနီးဝန်းကျင်ဒေသများရှိ ပျူစောထီးကျေးရွာများနှင့် ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ဒုတိယ အဆင့်အဖြစ် ဆိပ်ဖြူမြို့အနီးတွင် စစ်ကောင်စီယာဉ်တန်းများအား ပြောက်ကျားတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ စစ်ဘက်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပကဖဘက်က ပြောကြား ထားသည်။ ထို့အပြင် ဂန့်ဂေါမြို့အနီးရှိ စစ်ကောင်စီ အထိုင်စခန်းတစ်ခုကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆိုသည်။

မကွေးတိုင်း ပကဖက ပြည်သူကို အခြေခံသည့် တော်လှန်ရေးလမ်းစဉ်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဘုံရန်သူအဖြစ် သတ်မှတ်ထားသည့် စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ပြီး ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်စေရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။

#OperationSu#နှင်းဆီနီစစ်ဆင်ရေး#ဒေါ်အောင်ဆန်းစုကြည်#မကွေးပကဖ#SpringRevolution
#MyanmarResistance#FederalDemocracy

ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူကို ကမ္ဘာက ပံ့ပိုးရန် ဦးကျော်မိုးထွန်း တောင်းဆို

 

ဇွန် ၂၀

The Kaladan Post

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မြန်မာပြည်သူများ၏ ရဲဝံ့သော ကြိုးပမ်းမှုများကို နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝ ပံ့ပိုး ကူညီပေးရန် ၂၀၂၆ ခုနှစ် ECOSOC Humanitarian Affairs Segment အစည်းအဝေးတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ရင်ဆိုင်နေ ရပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုများ၊ ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများနှင့် အကူအညီများကို လက်နက်သဖွယ် အသုံးချမှုများကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ဆိုသည်။

လက်ရှိတွင် နေရပ်စွန့်ခွာသူ ၃.၆ သန်းကျော်ရှိနေပြီး လူဦးရေ ၂၂ သန်းနီးပါးမှာ အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေ ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အာဏာသိမ်းစစ်တပ်က လက်နက်အဖြစ် အသုံးချနေမှုအား တားဆီး ရန်၊ နယ်စပ်ဖြတ်ကျော်နှင့် ဒေသအခြေပြု အကူအညီပေးရေး ယန္တရားများ ကို အားကောင်းစေရန်နှင့် ခန့်မှန်းနိုင်သော ရန်ပုံငွေများ ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်းအား အကြံပြု တိုက်တွန်းခဲ့သည်။

လူ့အသက်နှင့် လူသားဂုဏ်သိက္ခာကို ထိခိုက်စေသည့် အကြမ်းဖက် လုပ်ရပ်များ ဆက်လက်ကျူးလွန် နေသည့် စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတွင် ယုံကြည်စိတ်ချရ သည့် မိတ်ဖက်တစ်ရပ် မဖြစ်နိုင်ကြောင်းကိုလည်း သံအမတ်ကြီးက သတိပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် အရင်းခံပြဿနာများအား ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

#KyawMoeTun#UnitedNations#MyanmarCrisis#HumanitarianAid#FederalDemocracy

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် ဂျူလီဘစ်ရှော့ပ်က တောင်းဆို

 

ဇွန် ၂၀

The Kaladan Post

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က နေပြည်တော်တွင် အကျဉ်းချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ပေးရန် ဇွန်လ ၁၉ ရက်နေ့၌ တိုက်တွန်းတောင်းဆို ခဲ့သည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များထံ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ကြောင်းနှင့် ယနေ့အချိန်ထိ ယုံကြည်စိတ်ချရသော သတင်း အချက်အလက်များ မရရှိသေးကြောင်း ပြောကြားခဲ့သည်။

ဂျူလီဘစ်ရှော့ပ်က ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံး ပူးပေါင်းကာ သူမ၏ လွတ်မြောက်ရေးကို တောင်းဆိုကြရန် တိုက်တွန်းခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရသရွေ့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆိုင်ရာ အဓိပ္ပာယ်ရှိသော တိုးတက်မှုများ ဖြစ်ပေါ်လာရန် ခက်ခဲမည်ဟုလည်း ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် စစ်ကောင်စီဘက်မှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထား  ကြောင်း ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ ထားရှိသည့် နေရာနှင့် အခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ယင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိနေကြောင်း အထောက်အထားများ ထုတ်ပြန်ပြ သပေးရန် မြန်မာစစ်ခေါင်းဆောင်များအား တောင်းဆိုထားကြောင်း သိရသည်။

#AungSanSuuKyi #JulieBishop #Myanmar #PoliticalPrisoners #HumanRights #UnitedNations #FreeDawAungSanSuuKyi

ထန်တလန်တိုက်ပွဲတွင် စစ်တပ်၏ Suicide Drone ၅ စင်းကို CDF-Thantlang ပစ်ချ

 

ဇွန် ၂၀

The Kaladan Post

ချင်းပြည်နယ် ထန်တလန်မြို့အတွင်း ဇွန်လအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ CDF-Thantlang နှင့် မဟာမိတ် ချင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ Suicide Drone ၅ စင်းကို ပစ်ချ နိုင်ခဲ့ကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ မှ ၄၀၀ ခန့်သည် ဇွန်လ ၄ ရက်နေ့တွင် ဟားခါးမြို့မှ ထန်တလန်မြို့သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဟားခါး–ထန်တလန် လမ်းပိုင်းတစ်လျှောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တားဆီးတိုက်ခိုက် မှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်မှ ၁၉ ရက်အထိ ထန်တလန်မြို့အတွင်း နေ့စဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ Suicide Drone များနှင့် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့သော်  လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့၏ ကာကွယ်ရေးစခန်းများကို ထိန်းသိမ်းထားနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူ အများအပြား ရှိခဲ့သော်လည်း CNA နှင့် CDF-Thantlang ဘက်တွင် အသက်ဆုံးရှုံးမှုနှင့် ဒဏ်ရာရရှိမှု မရှိကြောင်း သိရပြီး လက်ရှိတွင် စစ်ကောင်စီတပ်များ မြို့မှ ပြန်လည်ဆုတ်ခွာနိုင်ခြင်း မရှိစေရန် ပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

#Thantlang #CDFThantlang #ChinState #MyanmarConflict #ChinResistance #SuicideDrone #MyanmarNews

AA ကြားဖြတ်တိုက်ခိုက်မှုကြောင့် စနဲမြို့ဘက် ထိုးစစ်ဆင်လာသည့် စစ်တပ် နောက်ပြန်ဆုတ်

 

ဇွန် ၂၀

The Kaladan Post

ကျောက်ဖြူ–ရမ်းဗြဲလမ်းဆုံ စနဲမြို့ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းများကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် သေဆုံးဒဏ်ရာရမှုများ များပြားခဲ့ပြီး ရှေ့တိုးမရဘဲ နောက်ပြန်ဆုတ်ခွာနေရကြောင်း မြေပြင် သတင်းရင်းမြစ်များက ပြောကြားသည်။ တောင်မော်ဦးရေတပ်စခန်းအနီး အဝတောင်ကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး AA ၏ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု များကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်များပြားနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မေလအစပိုင်းမှစတင်ကာ တောင်မော်ဦးရေတပ်စခန်းမှ စနဲမြို့ဘက်သို့ ထိုး စစ်ဆင်လာခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် အဝတောင်ကျေးရွာအနီးအထိ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်အတွင်းတွင်လည်း AA က စစ်ကောင်စီ၏ ရှေ့ထွက်ကာကင်းစခန်း အနည်းဆုံး ငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ကာကင်းစခန်းအချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် သေဆုံးမှုများနှင့် လက်နက်ခဲယမ်းဆုံးရှုံး မှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် တောင်မော်ဦးရေတပ်စခန်းရှိ တပ်မိသားစုများနှင့် အရာရှိအချို့ကို ရွှေ့ပြောင်းထားရသလို စစ်တွေမြို့နှင့် အခြားတပ်ရင်းများမှ အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်နေ ရကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသူများကို မြို့တွင်းသို့ အများအပြား ပို့ဆောင်နေရသည်ဟု ဆိုသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး AA က စစ်ကောင်စီ၏ ကျန်ရှိနေသည့် ရေတပ်စခန်းများ၊ ရဲတပ်ရင်းများနှင့် တပ်ရင်းဌာနချုပ်များကို ဝန်းရံ ပိတ်ဆို့ထားကြောင်း သိရသည်။

#AA#ရခိုင်စစ်ရေး#ကျောက်ဖြူ#စနဲမြို့#စစ်ကောင်စီ#ရခိုင်ပြည်နယ်#စစ်ဘေးရှောင်များ

AA ဒုစစ်သေနာပတိချုပ်ရဲ့ မွေးနေ့ဆုတောင်းစာအပေါ် သားဖြစ်သူ Kim Aris ကျေးဇူးတင်ဟု ဆို

 

ဇွန် ၂၀

The Kaladan Post

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သက်ရှိထင်ရှားရှိမှုနှင့် လက်ရှိအခြေအနေဆိုင်ရာ လွတ်လပ်ပြီး အမှီအခိုကင်းသော သက်သေ အထောက်အထားများ ယနေ့အချိန်အထိ မရရှိသေးကြောင်း သားဖြစ်သူ Kim Aris (ခ) ကိုထိန်လင်းက ဇွန်လ ၁၉ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ထပ်မံပြောကြားခဲ့သည်။ ၎င်းက မိခင်ဖြစ်သူ၏ အခြေအနေကို အတည်ပြုနိုင်မည့် တိကျသည့်အချက်အလက်များ လိုအပ်နေဆဲဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။

ကိုထိန်လင်း၏ ထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် (AA) ဒုတိယစစ်သေနာပတိချုပ် ဒေါက်တာ ညိုထွန်းအောင်က ပေးပို့ခဲ့သည့် မွေးနေ့ဆုတောင်းစာကိုလည်း ရည်ညွှန်းဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို မမေ့မလျော့ သတိရနေကြသူများနှင့် သူမအတွက် ဆက်လက်အသံထွက် ရပ်တည်ပေးနေသူများအား ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် စည်းလုံးညီညွတ်မှုနှင့် မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက်ချီတက်ကြရန် အားပေးစကား လည်း ပါဝင်ခဲ့သည်။

လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ရှိနေသည်၊ သက်ရှိထင်ရှားရှိ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကိုထိန်လင်းက ဆိုထားပြီး “ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ” ဆိုသည့် မေးခွန်းကို နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဆက်လက်မေးမြန်းပေးကြရန် တိုက်တွန်း ထားသည်။ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုများတွင် မြန်မာပြည်သူများသာမက နိုင်ငံတကာမှ ထောက်ခံသူများလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြောင်း သိရသည်။

#DawAungSanSuuKyi #KimAris #ProofOfLife #FreeDawAungSanSuuKyi #MyanmarCrisis #RoseCampaign #MyanmarNews

ရန်ကုန်တိုင်းစစ်ဌာနအတွင်း ၄ လတာတိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်တပ် ၁၃၀ ခန့် သေဆုံး

 

ဇွန် ၂၀

The Kaladan Post

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရန်ကုန်တိုင်းစစ်ဌာနနယ်မြေ အတွင်း စစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်လာသည်။ ယင်းတိုက်ပွဲများ တွင် ရန်သူ့ထိုးစစ်အား ခုခံကာကွယ်တိုက်ခိုက်မှု ၂ ကြိမ်၊ စစ်ကြောင်းများအား ကြားဖြတ်တိုက်ခိုက်မှု ၂ ကြိမ်နှင့် စခန်းကုန်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေး ၁ ကြိမ် ပါဝင်ခဲ့ကြောင်း ဖော်ပြထား သည်။

PDF ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ခန့် သေဆုံးခဲ့ပြီး ၁၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း ၄ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အပြင် လက်နက်ငယ်များ၊ RPG ဗုံးသီးများ၊ ၆၀ မမ လက်နက်နှင့် ဗုံးသီးများ၊ မိုင်းမျိုးစုံ၊ လက်ပစ်ဗုံးများ၊ ကျည်ကာပစ္စည်းများနှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများအပါအဝင် စစ်သုံးပစ္စည်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေကြောင်း အသိပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။ ထို့ပြင် တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေးများကို စနစ်တကျ ကွပ်ကဲဖော်ဆောင်လျက်ရှိကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#YangonMilitaryRegion #PDFMyanmar #NUG #MyanmarResistance #SpringRevolution #MyanmarConflict #MyanmarNews

စစ်ပြဲကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများ

 

ဇွန် ၂၀

The Kaladan Post

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာတွင် တပ်စွဲရန် ဝင်ရောက်လာသည့် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဇွန်လ ၁၄ ရက် နံနက်ပိုင်းမှ ဇွန်လ ၁၅ ရက် နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီး အင်အား အများအပြား ရှိခဲ့ကြောင်း တပ်ဖွဲ့က ပြောဆိုထားသည်။ ထို့နောက် စစ်ကောင်စီတပ်များသည် နောက်ပြန်ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း ဦးဆောင်ကာ ထားဝယ်ခရိုင်အမှတ် (၂) နှင့် (၈၀၀၃) တပ်ရင်းများ၊ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့၊ လောင်းလုံး ပကဖ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ Guerrilla Dawei၊ ကျောင်းသားတော်လှန်ရေးတပ် (SRF)၊ အထူးပျောက်ကြားတပ်ဖွဲ့နှင့် Dragon Squad (2) တို့ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။

#စစ်ပြဲကျေးရွာတိုက်ပွဲ #လောင်းလုံး #ထားဝယ်PDF #တော်လှန်ရေးပူးပေါင်းတပ် #စစ်ကောင်စီ #တနင်္သာရီ #MyanmarNews

ပြည်သူများ၏ မကျေနပ်ချက်များကြောင့်  နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပွားဟု  မင်းအောင်လှိုင် ဆို

 

ဇွန် ၂၀

The Kaladan Post

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများ၏ အကြောင်းရင်းမှာ ပြည်သူများအတွင်း မကျေနပ်ချက်များနှင့် ပြဿနာရှာဖွေလိုသည့် အတွေးအမြင် များ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံခရီးစဉ်အတွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ လိုအပ်ပြီး ယင်းကို အကောင်အထည်ဖော်ရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ အချိန်ယူရမည်ဟု ဆိုသည်။

နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဥပဒေနှင့် စည်းကမ်းများအပေါ် အခြေခံရမည်ဖြစ်သော်လည်း တင်းကျပ်လွန်းသည့် ပုံစံမဟုတ်ဘဲ ပြည်သူများ စိတ်ကျေနပ်မှုရရှိစေရန် လိုက်လျောညီထွေ ဆောင်ရွက်ပေးရန် လိုအပ်ဟု မင်းအောင်လှိုင်က ဆက်လက် ပြောကြားခဲ့သည်။ ပြည်သူများတွင် မကျေနပ်မှုများနှင့် ခံစားချက်များ ရှိနေသရွေ့ ပြဿနာများ ဆက်လက်ပေါ်ပေါက်နေမည်ဖြစ်ပြီး ယင်းအခြေအနေများက နိုင်ငံရေးမတည်ငြိမ်မှုများကို ဖြစ်စေကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ၊ စစ်ရေးတင်းမာမှုများနှင့် နိုင်ငံရေးအကျပ်အတည်းများ ဆက်လက်ရှိနေအပြင် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာမီးရှို့ဖျက်ဆီးမှုများ၊ ဖမ်းဆီးနှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောဆိုနေကြသည်။

#မင်းအောင်လှိုင် #မြန်မာနိုင်ငံရေး #စစ်အာဏာသိမ်းမှု #နိုင်ငံရေးအကျပ်အတည်း #လူ့အခွင့်အရေး #MyanmarCrisis #MyanmarNews